ရှေ့နေဦးကိုနီလုပ်ကြံခံရမှု နောက်တိုးတရားခံသုံးဦး တင်သွင်းရန် လျှောက်ထားမည်

ရှေ့နေဦးကိုနီလုပ်ကြံခံရမှု နောက်တိုးတရားခံသုံးဦး တင်သွင်းရန် လျှောက်ထားမည်
ဓာတ်ပုံ-တင်ရွှေ(မင်းဘူး)
 

ရန်ကုန်၊ မေလ ၂၆ ။              ။ ရှေ့နေဦးကိုနီနှင့် အငှားယာဉ်မောင်းကိုနေဝင်းတို့ အသတ်ခံခဲ့ရသည့်အမှုအတွက် နဂါးလေး(ခ) အောင်နိုင်မြင့် ကို တရားလိုပြသက်သေအဖြစ် ခေါ်ပေးရန်နှင့်   နောက်တိုးတရားခံသုံးဦး ထပ်ထည့်ပေးရန် ခရိုင်တရားရုံးသို့ လျှောက်ထားသွားမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ရှေ့နေဦးရောဘတ်စန်းအောင်မှာ အမှုဖြစ်ပွားစဉ်က ရှေ့နေဦးကိုနီလုပ်ကြံသူအား ဖမ်းဆီးရာတွင် သေနတ်ထိမှန်သေဆုံးခဲ့သော အငှားယာဉ်မောင်းကိုနေဝင်း၏ ဇနီး မစုသက်ခိုင်ဘက်မှ ရှေ့နေ အဖြစ် မေလ ၂၆ ရက်နေ့တွင် လိုက်ပါဆောင်ရွက်ခွင့်ရခဲ့ခြင်းဖြစ်သည်။

ရှေ့နေဦးကိုနီအမှုတွင် နောက်တိုးတရားခံအဖြစ် သုံးဦးအား လျှောက်ထားမည့်အကြောင်းမှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနမှပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်   ပေါ်ပေါက်ထားချက်အရ လျှောက် ထားရခြင်းဖြစ်ကြောင်း ဦးရောဘတ်စန်းအောင်ကပြောသည်။

“ ဒီနောက်တိုး တရားခံသုံးယောက်ကိုတော့ ပြောလို့မရသေးဘူး။ ခဏလေးမြှုပ်ထားသေးတယ်ဗျာ။ မွေးဂဏန်း အနေနဲ့လုပ်ထားတယ်ပေါ့နော်။ သက်သေအနေနဲ့ကတော့ နဂါးလေးကို ထည့်ကို ထည့်မှာ။ နဂါးလေး မပါဘဲနဲ့ ဒီအမှုကို စစ်မယ်ဆိုရင် ကျွန်တော်အမြင်ပေါ့။ ဆားမပါတဲ့ ဟင်းနဲ့ ကျွန်တော်တို့ ထမင်းစားရမယ့်ကိန်းဖြစ် သွား လိမ့်မယ်။ ဘာဖြစ်လို့လည်း ဆိုတော့ နဂါးလေးနဲ့သွားဆွေးနွေးခဲ့တယ်။   ဆွေးနွေးခဲ့တယ်ဆိုရင်သူက သက်သေပါ ရမယ်” ဟု ဦးရောဘတ်စန်းအောင်က ရှင်းပြသည်။

မူးယစ်ဆေးဝါးမှု၊ လုယက်မှုဖြင့် ဖမ်းဆီးခံထားရသည့် နဂါးလေး(ခ) အောင်နိုင်မြင့်ဆိုသူမှာ အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား လုပ်ကြံရန် ကျပ်သိန်း၂ဝဝ နှင့် လိုင်စင်မဲ့ ကား တစ်စီးဖြင့် သဘောတူလက်ခံခဲ့သူဖြစ်ပြီး ဦးကိုနီအား မလုပ်ကြံဘဲ ပစ္စည်းများယူကာ ထွက်ပြေးတိမ်းရှောင် ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး မေလ ၂၆ ရက်နေ့တွင် သေနတ်သမားကြည်လင်းအပါအဝင် လေးဦးအား ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး လက်နက်မှုကို တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ကာ လာမည့် ဇွန်လ ၂ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required