လန်ဒန်ရှိဖျော်ဖြေပွဲတွင် မန်ချက်စတာဖြစ်ရပ်ဆိုး၌ ကြံုတွေ့ခဲ့ရသူများကို ကေတီပယ်ရီ ရည်စူးဂုဏ်ပြု

လန်ဒန်ရှိဖျော်ဖြေပွဲတွင် မန်ချက်စတာဖြစ်ရပ်ဆိုး၌ ကြံုတွေ့ခဲ့ရသူများကို ကေတီပယ်ရီ ရည်စူးဂုဏ်ပြု

အမေရိကန်အဆိုတော် ကေတီပယ်ရီသည် လန်ဒန်မြို့တွင် ပြုလုပ်ခဲ့သော ဖျော်ဖြေပွဲ၌ ပြီးခဲ့သောတနင်္လာနေ့က ဖြစ်ပွားခဲ့သည့် မန်ချက်စတာမြို့အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွင်း ထိခိုက်ဆုံးရှုံးခဲ့ သူများကို ရည်စူးဂုဏ်ပြုခဲ့ သည်။

သူမသည် လန်ဒန်မြို့ ကင်းခရော့စ်ဘူတာရုံအနီးရှိ ဘားတစ်ခု၌ ဖျော်ဖြေစဉ်တွင် သူမ၏ ပရိသတ်များအား ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ဒီဖြစ်ရပ်က စိတ်မချမ်းမြေ့စရာတစ်ခုပါပဲ။ ရှင်တို့အတွက်လည်း စိတ်မကောင်းစရာ ဖြစ်သလို ကျွန်မအတွက်လည်း စိတ်ဆင်းရဲစရာ ကိစ္စတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်မတို့ အားလုံး ဂီတကို ချစ်မြတ်နိုးတယ်လေ။ ဒီဖြစ်ရပ်ဆိုးကို ကြုံတွေ့ခဲ့ရသူတွေဟာ ဂီတကို ချစ်မြတ်နိုးတဲ့ ကျွန်မရဲ့ သူငယ်ချင်းတွေ မောင်နှမတွေပါပဲ” ဟု သူမက မန်ချက်စတာဖြစ်ရပ်ဆိုးကို ကြုံတွေ့ခဲ့ရသူများအား ရည်စူးကာ မျက်ရည်ဝိုင်းလျက် ပြောခဲ့သည်။

ပြီးခဲ့သော တနင်္လာနေ့က မန်ချက်စတာအားကစားကွင်း၌ ကျင်းပခဲ့သော အဆိုတော် အာရီရာနာဂရန်ဒီ၏ ဖျော်ဖြေပွဲတွင် ဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၂၂ဦးခန့် သေဆုံးခဲ့ရသည်။   သေဆုံးခဲ့သူ အများစုမှာ ဆယ်ကျော်သက်များနှင့် ကလေးငယ်များ ဖြစ်ကြကာ အငယ်ဆုံးကလေးမှာ ၈နှစ်အရွယ်သာရှိသေးပြီး လူပေါင်း ၁၀၀ ကျော်ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒါဟာ တကယ့်ကို ဆိုးရွားလွန်းလှပါတယ်။ ဘယ်လိုအကူအညီမျိုးပဲဖြစ်ဖြစ် ရှင်တို့ပေးနိုင်တယ်ဆိုရင် လုပ်သာ လုပ်လိုက်ပါ။ တကယ်လို့ ဘာမှမကူညီနိုင်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ ဒါပေမယ့် ရှင်တို့အားလုံးလုပ်သင့်တာ ကတော့ သူတို့အနိုင်ယူတာကို မခံမိပါစေနဲ့” ဟု ကေတီက ပြောခဲ့သည်။

ထို့နောက်တွင် ကေတီသည် ဘားထဲ၌ရှိသော လူအုပ်ကြီးအား မန်ချက်စတာဖြစ်ရပ်ဆိုးကို ကြုံတွေ့ခဲ့ရသူများ အား ရည်စူးကာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ခဏတာ ငြိမ်သက်ပေးရန်   တောင်းဆိုခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags