တရုတ်တပ်မတော်မှ မြန်မာ့တပ်မတော်သို့ စစ်စိမ်းရောင် မီးရထားစက်ခေါင်းနှင့်တွဲများ လွှဲပြောင်းပေးအပ်

တရုတ်တပ်မတော်မှ မြန်မာ့တပ်မတော်သို့ စစ်စိမ်းရောင် မီးရထားစက်ခေါင်းနှင့်တွဲများ လွှဲပြောင်းပေးအပ်
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 

မေ ၂၆ ။             ။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က မြန်မာ့တပ်မတော်သို့ စစ်စိမ်းရောင် မီးရထားစက်ခေါင်းနှင့်တွဲများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေလ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။

လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ မေလ ၂၆ ရက်၊ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ဘူတာကြီးရှိ အမှတ်(၁)စြင်္ကန်၌ ပြုလုပ်ခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ မြန်မာ့တပ်မတော်သို့ လွှဲပြောင်းပေးအပ်သည့် မီးရထားစက်ခေါင်းများမှာ မြင်းကောင်ရေ ၂၀၀၀ အားရှိ Dalian အမျိုးအစားစက်ခေါင်း ၂ ခုဖြစ်ပြီး Sifang အမျိုးအစား (Passenger Coach) လူစီးတွဲ ၆၈ ယောက်စီး ၁၀ တွဲ၊ Meishan အမျိုးအစား (Covered Wagon) ၃၂ တန် အလုံပိတ်ကုန်တွဲ ၁၀ တွဲတို့ဖြစ်သည်။

ထိုကဲ့သို့ အဆိုပါလူစီးမီးရထားများအား မည်သည့်နေရာဒေသတွင်မဆို သဘာဝဘေးအန္တရယ် ကျရောက်ချိန်များတွင်လည်း တပ်မတော်အနေဖြင့် အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မြန်မာ့မီးရထားနှင့်ပူးပေါင်း၍ ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် တပ်မတော်မှ လုပ်ဆောင်နေသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင်လည်း ပိုမိုထိရောက်စွာ အသုံးပြုလုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်သည်။

အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများ၊   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Hong Liang၊ စစ်သံမှူး Senior Colonel Xiong Shaowei ၊ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required