ဆီးဂိမ်းစ်အကြိုပြင်ဆင်မှု မြန်မာ ယူ၂၂ နှင့် မလေးရှား ယူ၂၂ အသင်းတို့ ခြေစမ်းမည်

ဆီးဂိမ်းစ်အကြိုပြင်ဆင်မှု မြန်မာ ယူ၂၂ နှင့် မလေးရှား ယူ၂၂ အသင်းတို့ ခြေစမ်းမည်
ဓာတ်ပုံ-MFF

မေ ၂၆ ။           ။ ၂၀၁၇ ခုနှစ် မလေးရှား ဆီးဂိမ်းစ် ပြိုင်ပွဲအကြို ပြင်ဆင်မှုအနေဖြင့် မြန်မာ့ လက်ရွေးစင် ယူ ၂၂ အသင်းသည် မလေးရှား လက်ရွေးစင်အသင်းနှင့် လာမည့် ဇူလိုင်လ ၁၃ ရက်နေ့၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ခြေစမ်းပွဲ ကစားမည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်သည်။

မလေးရှား ယူ၂၂ အသင်းသည် ဆီးဂိမ်းစ် အိမ်ရှင်လည်းဖြစ်ပြီး လက်ရှိအချိန်တွင် ဂျာမန်နည်းပြ ဖရန့်ဘားနက်က နည်းပြချုပ်အဖြစ် တာဝန်ယူ ကိုင်တွယ်လျက်ရှိကြောင်း သိရသည်။

လက်ရွေးစင်အသင်းကြီးမှ လူငယ်များပါဝင်သော မြန်မာ့ လက်ရွေးစင် ယူ၂၂ အသင်းသည် ယခုနှစ် အတွင်း ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် အာရှ ယူ၂၃ ချန်ပီယံရှစ် ပြိုင်ပွဲတို့ကို အဓိက ပြိုင်ပွဲများအဖြစ် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး လာမည့် ဇွန်လ ၅ ရက်နေ့မှ စတင်ကာ လေ့ကျင့်မှုများ ပြုလုပ် သွားမည်ဖြစ်သည်။

မြန်မာ ယူ၂၂ အသင်းကို နည်းပြချုပ် ဂတ်ဆီဇီမှ တာဝန်ယူသွားမည် ဖြစ်ကာ လက်ရွေးစင် အသင်းကြီးမှ အသက်မီသည့် လူငယ်ကစားသမား များကို ဖြည့်ဆည်း၍ အသင်းဖွဲ့စည်းသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

မြန်မာ ယူ၂၂ အသင်းအနေဖြင့် မလေးရှားဆီးဂိမ်းစ် မတိုင်မီ နိုင်ငံတကာပွဲ အနည်းဆုံး (၈)ပွဲ ကစားခွင့် ရရှိထားမည် ဖြစ်သည်။ အဆိုပါ ပွဲများမှာ ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပမည့် KBZ BANK CUP 2017 ပွဲစဉ်များဖြစ်သည့် ဟောင်ကောင်၊ ကမ္ဘောဒီးယား၊ ဂျပန်တက္ကသိုလ်များ လက်ရွေးစင် အသင်းတို့ ပွဲစဉ်များ၊ အာရှ ယူ၂၃ ခြေစစ်ပွဲစဉ်များ ဖြစ်သည့် သြစတြေးလျ၊ စင်ကာပူ၊ ဘရူနိုင်း အသင်းတို့နှင့် ပွဲစဉ်များ၊ မလေးရှား ယူ ၂၂ အသင်းနှင့် ခြေစမ်းပွဲ၊ မွန်ဂိုလီယား နှင့် ခြေစမ်းပွဲတို့ ဖြစ်သည်။ ထို့အပြင် အာရှအင်အားကြီး နိုင်ငံတစ်ခုသို့လည်း သွားရောက်ပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly