အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသူများအတွက် မန်ယူနှင့်မန်စီးတီးတို့ ပေါင်းစည်းပြီး ပေါင် ၁ သန်း လှူဒါန်း

အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသူများအတွက် မန်ယူနှင့်မန်စီးတီးတို့ ပေါင်းစည်းပြီး ပေါင် ၁ သန်း လှူဒါန်း

မေ ၂၆၊ အင်္ဂလန် ။            ။ မန်ချက်စတာမြို့ အသေခံဗုံးဖောက်ခွဲမှုတွင် သေဆုံးခဲ့ရသူများနှင့်ထိခိုက်ဒဏ်ရာရရှိခဲ့သူများအတွက် မန်ယူအသင်းနှင့်မန်စီးတီးအသင်းတို့ ပူးပေါင်းပြီး ပေါင် ၁ သန်းလှူဒါန်းမှု ပြုလုပ်ခဲ့သည်။

ထို့အပြင် မန်ယူအသင်းခေါင်းဆောင် ဝိန်းရွန်နီနှင့် မန်စီးတီးကွင်းလယ်ကစားသမား ယာယာတိုရေးတို့ကလည်း ပေါင်တစ်သိန်းစီ လှူဒန်းခဲ့ကြသည်။

ကမ္ဘာကျော် အမေရိကန်အဆိုတော် အရီရာနာဂရန်ဒီ၏ ရှိုးပွဲတွင် အသေခံဗုံးဖောက်ခွဲခဲ့မှုကြောင့် ၂၂ ဦးသေဆုံးခဲ့ရပြီး ၅၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့ပြီး လေးနာရီအတွင်း၌ မန်စီးတီးအသင်းသည် ၎င်းတို့၏အိမ်ကွင်းအီတီဟတ်ကွင်းကို အရေးပေါ်ကူညီရေးစင်တာအဖြစ် အသုံးပြုရန်လည်း ကူညီပေးခဲ့သည်။

မန်ယူအသင်းနည်းပြမော်ရင်ဟိုနှင့် မန်ယူအသင်းသားအားလုံးကလည်း ယူရိုပါလိဂ်ဖလားရရှိပြီးနောက်တွင် သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ဂုဏ်ပြုပေးခဲ့ကြသည်။

မန်စီးတီးအသင်းဥက္ကဋ္ဌ အယ်မူဘာရက်က မန်ချက်စတာမြို့ခံအသင်းနှစ်သင်း၏ ပေါင်းစည်းမှုက မန်ချက်စတာမြို့ကြီး ပြိုကွဲပျက်စီးသွားခြင်းမရှိသည်ကို ပြသခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

‘ကျွန်တော်တို့နှစ်သင်းရဲ့ ပေါင်းစည်းလှူဒါန်းမှုက ထိခိုက်နစ်နာခဲ့ရသူတွေအတွက် အနည်းငယ်သော ကူညီထောက်ပံ့မှုတော့ ဖြစ်စေမှာပါ။ ပြီးတော့ ဒါက မန်ချက်စတာမြို့ကြီး ပြိုကွဲပျက်စီးသွားခြင်းမရှိဘူးဆိုတာကို ပြသတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်’ ဟု အယ်မူဘာရက်က ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required