စပါးစျေးကျဆင်းနေခြင်းအတွက် အစိုးရက တိုက်ရိုက်ဖြေရှင်းပေးရမည့်ကိစ္စဟု ဆို

စပါးစျေးကျဆင်းနေခြင်းအတွက် အစိုးရက တိုက်ရိုက်ဖြေရှင်းပေးရမည့်ကိစ္စဟု ဆို
ဓာတ်ပုံ -မင်းမျိုးနွယ်/RiA

စစ်တွေ၊ မေ ၂၆ ရက်။               ။ ရခိုင်ပြည်နယ်သည် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျှက်ရှိသည့် ဒေသတစ်ခု ဖြစ်ပြီး ဒေသတွင်းစပါးဈေးများကျဆင်းကာ ဝယ်ယူသမရှိဖြစ်နေခြင်းမှာ ကုန်သွယ်မှုကိစ္စရပ် ဖြစ်သည့်အတွက် အစိုးရက တိုက်ရိုက်ဖြေရှင်းပေးရမည့် ကိစ္စရပ်သာဖြစ်ကြောင်း မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် ရခိုင်ပြည်နယ် မန်နေဂျာ ဦးအေးသိန်းက ပြောသည်။

ယင်းသို့ စပါးဈေးများကျဆင်းပြီး ဝယ်ယူသူမရှိသောကြောင့် တောင်သူများအနေဖြင့် ၎င်းတို၏အခက်အခဲများကို ဖြေရှင်းနိုင်ရေးအတွက် စပါးများကိုဝယ်ယူရန်နှင့် ပြန်လည်ပေးသွင်းရမည့် စိုက်ပျိုးစရိတ်ချေးငွေများကို စောင့်ဆိုင်းပေးရန်အတွက် ရခိုင်ပြည်နယ်အတွင်း ဆန္ဒပြတောင်းဆိုမှုများကို ပြုလုပ်လျှက်ရှိသည်။

“စပါးဈေးတွေကျဆင်းပြီး ဝယ်ယူသူမရှိဖြစ်နေတဲ့အတွက် အစိုးရအဖွဲ့နဲ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ဆန္ဒပြတောင်းဆိုနေတာကိုတွေ့ပါတယ်။ တကယ်တမ်းဆိုရင်တော့ ဒီကိစ္စဟာ ကုန်သွယ်မှုကိစ္စရပ်ဖြစ်တဲ့အတွက် အစိုးရကပဲ တိုက်ရိုက် ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ လယ်သမားကြားထဲမှာတော့ နှစ်ဦးသဘောတူ ပိုက်ဆံချေးတာပဲ ဖြစ်တယ်။ ဒီကိစ္စကိုတော့ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်က တိုက်ရိုက်ဆောင်ရွက်ပိုင်ခွင့် မရှိပါဘူး”ဟု ဦးအေးသိန်းက ပြောသည်။

မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်အနေဖြင့် ချေးငွေပေးဆပ်ပြီးသည့် တောင်သူများအား မိုးစပါးဆက်လက်စိုက်ပျိုး နိုင်ရန် ၂၀၁၇ ခုနှစ်အတွက် ချေးငွေများကို မေလ ၂၃ ရက်နေ့ကစတင် ထုတ်ပေးနေပြီဖြစ်ပြီး ကျန်ရှိနေသေးသည့် တောင်သူများကိုလည်း ဆက်လက်စောင့်ဆိုင်းလျှက် ရှိနေကြောင်း သိရသည်။

“စာချုပ်ပါစည်းကမ်းအရတော့ ၂၀၁၇ ဧပြီလ ၁၅ ရက်နေ့ကို နောက်ဆုံးထားပြီး ပေးဆပ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တောင်သူတွေ အခက်အခဲရှိနေတဲ့အတွက် အခုအချိန်ထိ စောင့်ဆိုင်းပြီးတော့ ကောက်ခံနေပါတယ်။ ဘာဖိအားမှာလည်း မပေးဘူး။ ကျွန်တော်တို့ဘက်ကတော့ အခုနှစ် ပိုက်ဆံထုတ်ချေးတဲ့ နောက်ဆုံးကာလဖြစ်တဲ့ စက်တင်ဘာလဆန်းပိုင်းထိ စောင့်ပေးသွားမှာပါ။ ကြားထဲမှာ သူတို့ကြိုးစားပြီး ဆပ်မယ်ဆိုရင်တော့ ချေးငွေသစ်တွေ ပြန်ရအောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်”ဟု ဦးအေးသိန်းက ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ယင်းပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် တောင်သူများလက်ထဲရှိ စပါးများအား ဝယ်ယူရန် ပြင်ဆင်လျှက်ရှိသော်လည်း စပါးတစ်တင်းလျှင် ကျပ်ငွေ ၃၆၀၀ နှုန်းသာပေးသည့်အတွက် တောင်သူများ အနေဖြင့် ရောင်းချရန် တွက်ခြေမကိုက်ဖြစ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွက် ရခိုင်ပြည်နယ်အတွင်းမှ မိုးစပါးစိုက်ပျိုးတောင်သူများအား မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ချေးပေးထားသည့် စိုက်ပျိုးစရိတ်ချေးငွေပမာဏမှာ ၈၀ ဒသမ ၅၂၁ ဘီလီယံထုတ်ချေးပေးခဲ့သော်လည်း ပြန်လည်ကောက်ခံရရှိသည့် ပမာဏမှာ ၄၀ ဒသမ ၇၅၅ ဘီလီယံသာရှိကြောင်း ယခုနှစ်တွင် ၉၁ ဒသမ ၃၆၀ ဘီလီယံထိ တိုးပြီးထုတ်ချေးပေးရန် လျာထားကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly