ဘရပ်ဆဲလ်၊ မေ ၂၆ ။ ။ နေတိုးခေါင်းဆောင်များက ထောက်လှမ်းရေးကလာပ်စည်းသစ်ဖွဲ့စည်းရန်နှင့် အိုင်အက်စ်ချေမှုန်းရေး ရင်းမြစ်များ တိုးတည်ဆောက်မည့် လုပ်ငန်းစဉ်အချို့အား အတည်ပြုနိုင်ရေးအတွက် နေတိုးခေါင်းဆောင်များ စိုင်းပြင်းနေကြောင်း နေတိုးအထွေထွေအတွင်းရေးမှူးချုပ်က ဘရပ်ဆဲလ်တွင် မေ ၁၅ ရက်က ပြောသည်။
စစ်မဟာမိတ်နေတိုးအဖွဲ့အနေဖြင့် အိုင်အက်စ်ချေမှုန်းရေးတွင် အဖွဲ့ဝင် ၂၈ နိုင်ငံဖြင့် တစ်စုတစ်စည်းရပ်တည်မှုကို သဘောတူပြီး အဖွဲ့ကြီးသို့ လက်တွေ့ကျသော ထောက်ပံ့ရင်းမြစ်များ အဖွဲ့ဝင်နိုင်ငံများက ပိုမိုထည့်ဝင်ရေးကို ဖော်ဆောင်လျက်ရှိကြောင်း နေတိုးအထွေထွေအတွင်းရေးမှူးချုပ် ဂျင်းစတိုတန်ဘတ်ချ်က ပြောသည်။
စတိုတန်ဘတ်ချ်သည် အဖွဲ့ဝင် ၂၈ နိုင်ငံမှ ခေါင်းဆောင်များ ထိပ်သီးညီလာခံကျင်းပမည့် နေတိုးရုံးချုပ်သစ်သို့ ရောက်ရှိလာစဉ် သတင်းမီဒီယာများအား ပြောဆိုခြင်းဖြစ်သည်။ ၎င်းအနေဖြင့် နေတိုးထိပ်သီညီလာခံသို့ ပထမဆုံးအဖြစ် တက်ရောက်လာသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုလည်း ကြိုဆိုခဲ့သည်။
အမေရိကန်၏ တောင်းဆိုမှုနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် စတိုတန်ဘတ်ချ်က နေတိုးအဖွဲ့ကြီးသည် အိုင်အက်စ်တိုက်ခိုက်ရေးတွင် ပိုမိုစွမ်းဆောင်သွားမည်ဖြစ်ကြောင်း ဖြေဆိုသည်။
နေတိုး၏ မူဘောင်အတွင်း “ကျွန်တော်တို့အနေနဲ့ အကြမ်းဖက်မှုထောက်လှမ်းရေးကလာပ်စည်းသစ်တစ်ရပ်ကို တည်ထောင်သွားဖို့ သဘောတူကြမှဖြစ်ပါတယ်။”ဟု ၎င်းက ရှင်းလင်းခဲ့သည်။