NCA လမ်းကြောင်းနှင့်သာ ဆက်လက်ညှိနှိုင်းသွားမည်ဟု အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်ပြော

NCA လမ်းကြောင်းနှင့်သာ ဆက်လက်ညှိနှိုင်းသွားမည်ဟု အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်ပြော

နေပြည်တော် ၊ မေ ၂၅ ။            ။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ကို လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို NCA လမ်းကြောင်းဖြင့်သာ ဆက်လက်ပြီး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

 “ နိုင်ငံရေးဆွေးနွေးမှုနဲ့ ဆက်သွားမှာပဲ။ NCA မထိုးရသေးတဲ့အဖွဲ့တွေ NCA ထဲရောက်လာအောင်လုပ်မှာပဲ ။ ဆိုလိုတာက NCA လမ်းကြောင်းအတိုင်းသွားရမယ်။ လက်မခံသေးတဲ့ အဖွဲ့တွေကို ဆက်ညှိမယ် တံခါးဖွင့်ပြီးတော့ ဆက်လုပ်မယ်” ဟု ဦးဇော်ဌေး က ဆိုသည်။

 ယနေ့ မေလ ၂၅ ရက်နေ့က နေပြည်တော်တွင်ကျင်းပနေဆဲဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ ဒုတိယနေ့ အစည်းအဝေး မစတင်မီ ဦးဇော်ဌေးမှ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

 သို့သော်လည်း ဝအဖွဲ့ (UWSA) ဦးဆောင်သည့်  ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကော်မတီအနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ကို လက်မခံဘဲ အခြားသောလမ်းကြောင်းဖြင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေး ညှိနှိုင်းသွားမည်ဟု သဘောထားထုတ်ပြန်ထားသည်။

 အဆိုပါ ကော်မတီကို ဝအဖွဲ့ (UWSA) ဦးဆောင်ပြီး ပလောင်အဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ မိုင်းလားအဖွဲ့(NDAA)၊ ကချင်အဖွဲ့( KIO)၊ ရှမ်းအဖွဲ့(SSPP) စသည့်အဖွဲ့များဖြင့် ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

 တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတွင်းရှိ လက်တွေ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် NCA ပါ အခြေခံမူများ၊ လမ်းပြမြေပုံ အစီအစဉ်များကို ကျော်လွန်ပြီး ဆောင်ရွက်နေတာကို တွေ့ရကြောင်း  ယမန်နေ့ မေလ ၂၄ ရက်နေ့ ညီလာခံအဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

  “NCA ကိုလျစ်လျူရှုပြီး အခြားလမ်းကြောင်း၊ နောက်ထပ်လမ်းကြောင်း၊ ဒုတိယလမ်းစဉ်ဆိုတဲ့ အခေါ်အဝေါ်တွေ သုံးစွဲလုပ်ဆောင်နေခြင်းဟာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို မလိုလားခြင်းသာ ဖြစ်ပါတယ်” ဟုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့သည်။

ချင်းအမျိုးသားတပ်ဦး (CNF) မှ အဓိပတိ ကောင်စီဝင် ဒေါက်တာဆလိုင်လျန်းမှုန်းဆာခေါင်းက “NCA စာချုပ်ပါ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း ဆောင်ရွက်တာဖြစ်တယ်၊ NCA စာချုပ် လက်မှတ်ရေးထိုးတဲ့ အဖွဲ့ ရှစ်ဖွဲ့စလုံး ပါတဲ့အတွက် တစ်ရာ ရာခိုင်နှုန်း အောင်မြင်တယ်လို့ ဆိုချင်ပါတယ်” ဆိုသည်။

လက်ရှိကျင်းပနေသည့် ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို ၀ အဖွဲ့ ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) က တရုတ်နိုင်ငံရဲ့ တိုက်တွန်းမှုကြောင့် အထူးဧည့်သည် အဖြစ် တက်ရောက်ခဲ့သော်လည်း  ညီညွတ်သောတိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ (UNFC) က တက်ရောက်ခဲ့ခြင်းမရှိပေ။

 ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် အထူးဧည့်သည်အနေဖြင့်သာ ဖိတ်ကြားခြင်းကြောင့် ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး သို့ မတက်ရောက်နိုင်ကြောင်း မေလ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags