အင်းဝအပ်ချုပ်ဆိုင်အမှုတွင် အိမ်ရှင် ဒေါ်တင်သူဇာပါ ၆ ဦးအား စွဲချက်တင်

အင်းဝအပ်ချုပ်ဆိုင်အမှုတွင် အိမ်ရှင် ဒေါ်တင်သူဇာပါ ၆ ဦးအား စွဲချက်တင်

ရန်ကုန်၊ မေလ ၂၅ ။             ။ အိမ်အကူမိန်းကလေးငယ်နှစ်ဦးနှိပ်စက်ခံခဲ့ရသည့် အင်းဝအပ်ချုပ်ဆိုင်အမှုအတွက် အိမ်ရှင် ဒေါ်တင်သူဇာပါ မိသားစုဝင် ၆ ဦးအား မေလ ၂၅ ရက်၊ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် ခရိုင်တရားသူကြီးက အမှုများကို စွဲချက်တင်ကြောင်း သိရသည်။

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာအပါအဝင် တင်မင်းလတ်၊ စုမွန်လတ်၊ ရာဇာထွန်းတို့ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ- ၂၉ ဖြင့်လည်းကောင်း၊ ကလေးသူငယ်ဥပဒေပုဒ်မ - ၆၆ (ဃ)ဖြင့် လည်း ကောင်း၊ နာကျင်စေမှုဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၂၅/ ၃၄၄ ဖြင့် လည်းကောင်း အသီးသီးစွဲချက် တင်ကြောင်း ခရိုင်တရားရုံးမှ အမိန့်ချမှတ်ခဲ့သည်။

ထို့ပြင် ဦးကိုလတ်နှင့် သီရိလတ်တို့ကိုလည်း မိန်းကလေးငယ်နှစ်ဦးအား နှိပ်စက်ရာတွင် ဟန့်တားခြင်းမရှိဘဲ ပူးပေါင်းပါဝင်ခဲ့သည့်အတွက် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ - ၂၄/ ၂၇/ ၃၂ တို့ဖြင့် လည်း ကောင်း၊ နာကျင်စေမှုဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၂၅/ ၁၁၄/ ၃၄၄/ ၁၂၄ တိုဖြင့် လည်းကောင်း အသီးသီး စွဲချက်တင်လိုက်သည်။

“ ဦးကိုလတ်နဲ့ သီရိလတ်ကို အမှုအားလုံးမှာ လုံးပြီးတော့ စွဲချက်တင်ထားတာပဲ။ လူကုန်ကူးမှာလည်း သီရိ လတ်နဲ့ ဦးကိုလတ်ပါတယ်။ ထိခိုက်ရှနာမှာလည်းပါတယ်။ ကလေးသူငယ်မှာလည်းပါတယ်။ အဲ့ဒီလို လုပ်ထား တယ်။ တို့ရှေ့နေတွေအနေနဲ့ကတော့ အဲ့ဒီအမှု ငါးခုစလုံးမှာ ဦးကိုလတ်နဲ့ သီရိလတ် လွတ်လိမ့်မယ်လို့ မျှော် မှန်းထားတယ်။ အခုတော့ မျှော်မှန်းသလိုမဖြစ်လာဘူး။ တရားသူကြီးက အမှုအကုန်လုံးမှာ စွဲချက်တင်တယ်။ ဒါလည်းသူယူဆချက်နဲ့ သူပေါ့”ဟု ဒေါ်တင်သူဇာ၊ တင်မင်းလတ်နှင့် ဦးကိုလတ်တို့ဘက်မှ လိုက်ပါဆောင်ရွက် ပေးသည့် တရားလွှတ်တော် ဦးသန်းမြင့်က ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး ဒေါ်တင်သူဇာပါ မိသားစုဝင် ၆ ဦးမှာ အိမ်အကူမိန်းကလေးငယ်နှစ်ဦးဖြစ်သည့် မစန်းကေခိုင်နှင့် မသဇင်တို့အား လွန်ခဲ့သည့် ၅ နှစ်ခန့်မှစပြီး အိမ်အကူဖြင့်ခိုင်းစေခဲ့ရာ တစ်လတစ်သောင်းနှုန်း ဖြင့် လစာ ၈ လစာသာပေးခြင်း၊ မိဘများနှင့် တွေ့ဆုံခွင့်မပေးဘဲ ခြိမ်းခြောက်ဟန့်တားခြင်း၊ အပြင်းအထန်ဒဏ် ရာ ရရှိအောင် သစ်သားတုတ်ဖြင့် ရိုက်ခြင်း၊ ရေနွေးပူဖြင့်လောင်းခြင်း၊ ဓားဖြင့်ခုတ်ခြင်း၊ ကတ်ကြေးဖြင့် ထိုးခြင်း၊ လက်များအား လှန်ချိုးခြင်း၊ တံမျက်စည်းဖြင့်ရိုက်ခြင်း စသည့်ဖြင့် ပြုလုပ်ခဲ့သဖြင့် ခရိုင်တရားသူကြီးက အဆိုပါ အမှုများကို စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာပါ ၆ ဦးမှာ အဆိုပါ ပြစ်မှုများကို မကျူးလွန်ခဲ့ကြောင်း တရားရုံးတွင် ပြန်လည်ထွက်ဆိုခဲ့သဖြင့် အဆိုပါအမှုနှင့် ပတ်သက်ပြီး ပြန်ခေါ်သက်သေများကို စစ်ဆေးရန် လာမည့် ဇွန်လ ၈ ရက်နေ့ကို ခရိုင်တရားရုံးမှ ထပ်မံချိန်းဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required