မိဘများအနေဖြင့် သွေးလွန်တုပ်ကွေးအန္တရာယ် သိရှိရန်လိုအပ်

မိဘများအနေဖြင့် သွေးလွန်တုပ်ကွေးအန္တရာယ် သိရှိရန်လိုအပ်

ရန်ကုန်၊မေ၂၅ ။            ။ မိဘများအနေဖြင့် အသက်သေဆုံးသည်အထိ ဖြစ်နိုင်သော သွေးလွန်တုပ်ကွေးရောဂါ၏ အန္တရာယ်ရှိလက္ခဏာများကို သိရှိရန် လိုအပ်ပြီး ဖြစ်ပွားပါက ကလေးကို အချိန်မီဆေးရုံသို့ ပို့ဆောင်ကုသရန် လိုအပ်ကြောင်း ရန်ကင်းကလေးဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်မြင့်မြင့်ခိုင်က ပြောသည်။

"သွေးလွန်တုပ်ကွေးဖြစ်မယ်ဆိုရင် ဖျားမယ်ပေါ့။ အဓိကကတော့ အဖျားကြီးမယ်ပေါ့ ။ သုံးရက်က ငါးရက်အတွင်းဆိုရင် အဖျားကြီးလာပြီးတော့ သွေးလန့်တဲ့လက္ခဏာတွေ ဖြစ်ပွားတတ်တယ်ပေါ့နော် ။ အဲ့အခါကြ ဒီ လက္ခဏာ အနေနဲ့ဖျားမယ်။ ကော်ဖီရောင်တွေအန်မယ် ခန္ဓာကိုယ်မှာ အနီစက်တွေ၊ အပိန့်တွေထွက်လာမယ်။ နောက် နှာခေါင်းသွေးတွေ လျှံမယ်။  ဝမ်းမည်းမည်းတွေ သွားမယ်။ နောက်တော့ သွေးယိုစီးတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်တယ် ။ ဆိုခဲ့လို့ရှိရင်တော့ ဆေးရုံကို အချိန်မီ၊ အခါမီပြဖို့ လိုမယ်"ဟု ရန်ကင်းကလေးဆေးရုံ၏   ဆေးရုံအုပ် ဒေါက်တာမြင့်မြင့်ခိုင်က ပြောသည်။

ယခုလက်ရှိတွင် ရန်ကင်းကလေးဆေးရုံ၌ သွေးလွန်တုပ်ကွေးလူနာ ၂၅ယောက်နီးပါးရှိနေပြီး ဇန်နဝါရီလမှ ဧပြီလထိ ၄လအတွင်း သွေးလွန်တုပ်ကွေးလူနာ ၂ဦးသေဆုံးခဲ့ရကြောင်း သိရသည်။

သွေးလွန်တုပ်ကွေး၏ လက္ခဏာများမှာ အဖျားကြီးလာနိုင်ပြီး စဖြစ်တဲ့နေ့မှ ၃ရက်၊ ၅ရက်အထိ သွေးလန့်၊သွေးလွန်သည့် လက္ခဏာများ ဖြစ်လာနိုင်သည်။ထို့ပြင် ၃ရက်၊ ၅ရက်ကြားတွင် အဖျားကျသွားနိုင်သော်လည်း မှိန်းနေသောလက္ခဏာရှိနေပါက အန္တရာယ်ရှိနိုင်ပြီး ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်သင့်ကြောင်း ဒေါက်တာ မြင့်မြင့်ခိုင်က ဆိုသည်။

ရန်ကင်းကလေးဆေးရုံတွင် သွေးလွန်တုပ်ကွေးလူနာများ နေ့စဉ် တိုးလာပြီး တစ်နေ့လျှင်  အများဆုံး လူနာ ၁၀ ယောက်အထိ လာရောက်ခြင်းရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly