မန်ချက်စတာ အကြမ်းဖက်ဖြစ်ရပ်ဆိုးအပြီးတွင် ဖျော်ဖြေပွဲအားလုံးကို ဖျက်သိမ်းခဲ့သည့် အာရီရာနာဂရန်ဒီ

မန်ချက်စတာ အကြမ်းဖက်ဖြစ်ရပ်ဆိုးအပြီးတွင် ဖျော်ဖြေပွဲအားလုံးကို ဖျက်သိမ်းခဲ့သည့် အာရီရာနာဂရန်ဒီ

အမေရိကန်ပေါ့ပ်အဆိုတော် အာရီရာနာဂရန်ဒီသည် ကြာသာပတေးနေ့နှင့် သောကြာနေ့တွင် လန်ဒန်မြို့မှ O2 အားကစားကွင်းထဲ၌ ကျင်းပရန်စီစဉ်ထားသော ဖျော်ဖြေပွဲများကို မန်ချက်စတာမြို့၌ ဖြစ်ပွားခဲ့သော အကြမ်း ဖက်တိုက်ခိုက်ခံရမှုဖြစ်ရပ် ပြီးနောက်တွင် ဖျက်သိမ်းခဲ့သည်။

ပြီးခဲ့သော တနင်္လာနေ့က ထိုင်ခုံပေါင်း ၂၁၀၀၀ ခန့်ဝင်ဆံ့သော မန်ချက်စတာ အားကစားကွင်းထဲရှိ ဂရန်ဒီ၏ ဖျော်ဖြေပွဲ၌ အသေခံဗုံးဖောက်ခွဲသူတစ်ဦး၏ လက်ချက်ကြောင့် ၂၂ဦးသေဆုံးခဲ့ပြီး ၆၄ဦး ဒဏ်ရာရရှိခဲ့သည်။

သူမ၏ Dangerous Woman အမည်ရှိ နယ်လှည့်ဖျော်ဖြေပွဲကို ဂျွန်လ ၇ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။ ဒါဟာ အသက် ၂၃နှစ်အရွယ်ရှိ ဂရန်ဒီက အဆိုပါဖြစ်ရပ်ဆိုး၌ ဆုံးရှုံး ခဲ့ရသူများကို လေးစားသမှုပြုသည့်အနေဖြင့် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထို့ကြောင့် လန်ဒန်မြို့၌ ကျင်းပရန်စီစဉ်ထားသော ပွဲနှစ်ပွဲအပါအဝင် ဘယ်လ်ဂျီယံ၊ ပိုလန်နှင့် ဂျာမနီတို့တွင် ဖျော်ဖြေရန် စီစဉ်ထားသော ပွဲများကိုပါ ဖျက်သိမ်းလိုက်ပြီဖြစ်သည်။

တိုက်ခိုက်မှုပြီးနောက်တွင် ဂရန်ဒီက သူမ၏တွစ်တာမှတဆင့် ““စိတ်ထိခိုက်ရပါတယ်။ တကယ့်ကို စိတ်ရင်း အတိုင်းပြောတာပါ။ ကျမ လုံးဝကို စိတ်မကောင်းပါဘူး။ ပြောစရာစကားတောင် မရှိတော့ပါဘူး” ဟု ရေးသားခဲ့ ကာ ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။

ထို့နောက်တွင် သူမသည် ဖလော်ရီဒါပြည်နယ်ရှိ ဘိုကာရေတွန်မြို့မှ သူမ၏နေရပ်သို့ အင်္ဂါနေ့က သီးသန့် လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့သည်။ သူမ၏ ဖျော်ဖြေပွဲများကို လာမည့် ဂျွန်လ ၇ ရက်နေ့တွင် ပဲရစ်မြို့၌ ပြန်လည်စတင်၍ ကျင်းပသွားရန် မျှော်လင့်ထားကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly