စစ်ရေးတင်းမာမှုများကြောင့် နမ္မတူတွင် စစ်ဘေးရှောင် ၁၀၀၀ ကျော်လာ

စစ်ရေးတင်းမာမှုများကြောင့် နမ္မတူတွင် စစ်ဘေးရှောင် ၁၀၀၀ ကျော်လာ
ဓာတ်ပုံ- ရှမ်းလူငယ်အဖွဲ့ ဥက္ကဌ စိုင်းအောင်မြင့်ဦး

ရန်ကုန်၊ မေ ၂၅ ။           ။ တအာင်း/ ပလောင် အဖွဲ့(TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့စစ်ရေးတင်းမာမှုတွေရှိနေသောကြောင့် နမ္မတူမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ရှမ်းလူငယ်အဖွဲ့ ဥက္ကဌ စိုင်းအောင်မြင့်ဦး ကမဇ္ဈိမကို အတည်ပြုပြောသည်။

မေလ ၁၅ ရက်က ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ တအာင်း/ ပလောင်အဖွဲ့ (TNLA) နှင့် တပ်မတော်တို့ လေးဖွဲ့ဆုံနေသောကြောင့် အနီးအနားရှိ ဒေသခံများစိုးရိမ်ပြီး နေရပ်စွန့်ခွာလာ ကြခြင်းလည်း ဖြစ်သည်။

 “ ရွာနဲ့အနီးတစ်ဝိုက်မှာ စစ်ရေးတင်းမာမှုတွေဖြစ်တဲ့ အခါကျတော့ အားလုံးရွာကနေ ပြေးလာကြပါတယ်။ ကျွန်တော်တို့ဆီရောက်လာတာ ရွာ ၈ ရွာက ဖြစ်ပါတယ် ”ဟု စိုင်းအောင်မြင့်ဦးကပြောဆိုသည်။

နမ္မတူ စစ်ရှောင်စခန်းတွင် မေလ ၁၅ ရက်အထိ ဆိုက်ဒ်ခေါင်ကျေးရွာအုပ်စုရွာ ၈ရွာမှ လူ ၃၀၀ ကျော်ခန့် စစ်ရှောင်လာခြင်းဖြစ်ဖြစ်ပြီး ၁၀ ရက်အတွင်း လူ ၇၀၀ ခန့် တိုးလာခြင်းလည်းဖြစ်သည်။ နမ္မတူရှိ ရွှေမြင်သာကျောင်းကို စစ်ရှောင်လာခြင်းဖြစ်ပြီး စားဝတ်နေရေး အခက်တွေ့နေသောကြောင့် နိုင်ငံတကာ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် အစိုးရကိုလည်းအကြောင်းကြားထားရသည်ဟု ရှမ်းလူငယ်အဖွဲ့မှ သိရသည်။

စိုင်းခေါင်ရွာ၊ ပန်ဝိုးရွာ၊ နမ့်ပန်ဆော့ရွာ၊ တိန်းစာရွာ၊ နမ့်ကန်ရွာ၊ ကုန်းစာရွာ၊ ပန်မန့်ရွာ နှင့် စုစုပေါင်း၈ ရွာမှ ပြည်သူ ၁၀၀၀ ကျော် အိမ်ထောင်စု ၃၀၀ ကျော်ခန့် စစ်ဘေးရှောင်လာကြခြင်းဖြစ်သည်။ တအာင်း/ ပလောင်အဖွဲ့ (TNLA) အနေဖြင့် ပန်ဝိုးရွာတွင် စခန်းချထားသည်ဟု ဒေသခံများပြောဆိုချက်ကို ကိုးကားပြီး နမ္မတူစစ်ရှောင်စခန်း အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကဆိုသည်။

စစ်ရေးတင်မာမှုများ ဆက်လက်ရှိနေမည်ဆိုပါက လက်ရှိအနေအရ စစ်ဘေးရှောင်ပြည်သူများ တိုးလာရန်ရှိနေပြီး နေ့စဉ်လာရောက်မှုများလည်း ရှိနေသည်ဟု ရှမ်းလူငယ်အဖွဲ့ ဥက္ကဋ္ဌ စိုင်းအောင်မြင့်ဦး ကပြောသည်။ စားဝတ်နေရေးအခက်အခဲရှိသော်လည်း အဆင်ပြေနေသေးပြီး စစ်ရေးတင်းမာမှုများ အချိန်ကြားလာမည်ဆိုပါက အခက်တွေ့လာနိုင်ကြောင်း ၎င်းကဆက်လက်ပြောသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး စိုင်းအောင်မြင့်ဦး က “ မိုးတွင်းဆိုတော့ ကလေးတွေက ရာသီဥတုဒဏ်တော့ ခံနိုင်ဖို့လိုတာပေါ့ ” ဟု ပြောဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required