လူတွေ အကူအညီလိုအပ်နေတာအားလုံးက ကျွန်မကို ဆွဲဆောင်နိုင်တယ်ဆိုတဲ့ မရွှေကြာ

လူတွေ အကူအညီလိုအပ်နေတာအားလုံးက ကျွန်မကို ဆွဲဆောင်နိုင်တယ်ဆိုတဲ့ မရွှေကြာ

လူတွေရဲ့ရှင်သန်ရေးအတွက် အမြဲတမ်း အသင့်ရှိနေတဲ့သူ ကိုယ်နိုင်တဲ့ဘက်ကနေ လူအများရဲ့အကျိုးကို ထမ်းဆောင်နေတဲ့သူ သူကတော့ ရှင်သန်ရေး ကူညီမှုအသင်းရဲ့ တည်ထောင်သူ ဖြစ်တဲ့ မရွှေကြာပါ။ လူအများရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေရင်းနဲ့ သူ့ရဲ့လိုအပ်ချက်တွေကိုရော သူ ဘယ်လိုဖြည့်ဆည်းပေးနေလဲ ကျွန်မကတော့ ဝေဝေပါ။ အခုဆိုလို့ရှိရင် မရွှေကြာနဲ့ တွေ့ဆုံဖို့အတွက် သူရှိတဲ့နေရာကို ရောက်ရှိနေပါတယ်။ ကျွန်မရဲ့ လက်ထဲမှာတော့ YOPE မေးခွန်း ၅ ခုနဲ့အတူ YOPE Red Chair ရှိနေပါပြီ။

အစ်မ မင်္ဂလာပါ။

မင်္ဂလာပါရှင့်။

ညီမတို့ YOPE အစီအစဉ်မှာ အခုလိုမျိုး မေးခွန်း ၅ ခု မေးခွင့်ရတဲ့အတွက် အစ်မကို ကျေးဇူးအများကြီး တင်ပါတယ်။

နံပါတ် (၁) မေးခွန်းပါနော်။ အစ်မက ဒီ လူအများတွေရဲ့ လိုအပ်ချက်တွေကို လိုက်ဖြည့်ဆည်းပေးနေတဲ့သူဆိုတော့ အစ်မကိုယ်တိုင်ရဲ့ လိုအပ်ချက်ကိုရော အစ်မ ဘယ်လိုမျိုး ဖြည့်ဆည်းလဲ။

အစ်မကိုယ်တိုင်ကတော့ ဘာမှရယ်လို့ သိပ်မလိုအပ်တော့ဘူး။ လိုအပ်ချက်ရှိတယ်လို့လည်း ကိုယ့်ဘာသာကိုယ် မယူဆဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ရက်ကို တစ်နပ်လောက်ပဲ စားပြီးတော့တောင်မှ လူတွေကို လိုက်ဖြည့်ပေးနေတော့ ကိုယ့်ကိုယ်ကို ဘာလိုလို့ လိုမှန်းကို မသိတော့ဘူး။ ဘာလိုလို့ လိုမှန်းမသိတဲ့လူတစ်ယောက်က လိုအပ်ချက် မရှိတော့ဘူးလို့ ထင်တာပဲ။ ရှိကောင်းလည်း ရှိလိမ့်မယ်ပေါ့နော်။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ်တော့ ပြည့်စုံနေပြီလို့ ထင်တာပဲ။

ဟုတ်ကဲ့ပါရှင့်။ ဒါကတော့ YOPE ရဲ့ နံပါတ် (၂) မေးခွန်းပါ။ အစ်မဘဝမှာ အယုံကြည်ရဆုံး လူတစ်ယောက်က ဘယ်သူဖြစ်မလဲ။

အစ်မဘဝမှာ လူရယ်လို့တော့ အစ်မ မတွေးဘူး။ အစ်မဘဝမှာ အစ်မကတော့ ဘုရားကို အယုံကြည်ဆုံးပဲပေါ့။ အစ်မကတော့ ခရစ်ယာန်ဆိုတော့ သခင်ယေရှုကို ကိုးကွယ်တယ်။ အစ်မကတော့ ဘုရားသခင်ကို အယုံကြည်ဆုံးပဲ။

ဒါကတော့ YOPE ရဲ့ နံပါတ် (၃) မေးခွန်းပါ။ အမကို ဘယ်လိုအရာတွေက ဆွဲဆောင်နိုင်လဲ။

ဘယ်လိုအရာတွေလဲဆိုတော့ အစ်မကို လူတွေ ဘယ်မှာဒုက္ခရောက်နေပြီ ဘယ်မှာ မတော်တဆဖြစ်နေပြီ ဘယ်မှာ မီးလောင်နေပြီ အဲလို ဒုက္ခရောက်နေတဲ့ နေရာကဟာက အစ်မကို ဆွဲဆောင်မှုအရှိဆုံးပဲ။ လူတွေ အကူအညီလိုအပ်နေတဲ့အရာမှန်သမျှက အမကို ဆွဲဆောင်နိုင်ဆုံးပါပဲ။

ဒါကတော့ YOPE ရဲ့ နံပါတ် (၄) မေးခွန်းပါ။ အမက ဒီလူနာတင်ကားကို အစ်မကိုယ်တိုင်လည်း မောင်းတယ်လေ။ အဲလို မောင်းတဲ့အချိန်ကနေ စတင်ပြီးတော့ အခုချိန်ထိ အစ်မဘဝမှာ ယာဉ်မောင်းတာတွေနဲ့ ပတ်သက်ပြီးတော့ မမေ့နိုင်တဲ့ ဖြစ်ရပ် တစ်ခုလောက်ရှိရင် ပရိသတ်တွေကို မျှဝေပေးပါဦး။

မမေ့နိုင်တဲ့ဖြစ်ရပ်ဆိုရင်တော့ အခုပြော၊ အခုရှက်၊ အခု ငိုချင်တယ်။ တစ်ခါက လူနာတစ်ယောက်ပေါ့နော် ။ ပိုးထိတဲ့လူနာ အဲဒီလူနာကို အစ်မက ဒီဆေးရုံကနေ ဟိုဆေးရုံကို ပြောင်းမလို့ အမြန်လမ်းကနေပြီးတော့ ကွေ့မလို့ ကားတစ်စီးကို လှမ်းတောင်းလိုက်တာ။ အမက မောင်းမလို့ကို သူ့ကို လက်ပြတောင်းလိုက်တဲ့အချိန်မှာ အဲဒီ Taxi သမားက အမကို ထဆဲတာ။ ကားထဲမှာက လိုက်ပြီးကူညီနေတဲ့ ကလေးတွေလည်းပါတယ်။ ယောကျ်ားလေးတွေချည်းပဲ။ မိန်းကလေးမပါဘူး။ အစ်မ တအားရှက်တာ။ အခုပြောရင် အခုရှက်၊ အခု မျက်ရည်ကျတယ်။ အဲဒါကို လုံးဝ မမေ့ဘူး။ အမှန်ပဲ။

ဟုတ်ကဲ့ပါအစ်မ။ ဒါကတော့ YOPE ရဲ့ နောက်ဆုံးမေးခွန်းပါ။ အစ်မသာ တကယ်လို့ မြန်မာနိုင်ငံရဲ့ Mother Teresa ဖြစ်ခွင့်ရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဘယ်လိုနေရာတွေကို ဘာတွေ လုပ်ပေးချင်လဲ။

အဲလို ဖြစ်ခွင့်ရမယ်ဆိုတာတော့ မမျှော်မှန်းဘူး။ ဖြစ်လာတယ် မဖြစ်လာဘူးဆိုတာ ကိုယ့်ရဲ့ ကိုယ်ချင်းစာမှု၊ စာနာမှု၊ ဒါတွေနဲ့တော့ ဆိုင်မယ်ထင်တယ်။ Mother Teresa ကလည်း သူ ဒီလိုအလုပ်တွေ လုပ်တယ်ဆိုတာကလည်း သူ့ရဲ့ ကိုယ်ချင်းစာစိတ်ကြောင့် ဖြစ်လာတယ်ပေါ့။ ကိုယ့်ရဲ့ကိုယ်ချင်းစာစိတ်နဲ့ ကိုယ့်ကတော့ တကယ်လို့ မြန်မာပြည်မှာ ဘာတွေ လုပ်ခွင့်ရချင်သလဲဆိုရင် ဒုက္ခရောက်နေတဲ့သူအားလုံးကို အမက ကူညီချင်တယ်။

ဟုတ်ကဲ့ပါ။ ညီမတို့ရဲ့ YOPE (၅) ခုမှာ အခုလိုမျိုး စိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပေးတဲ့အတွက် မရွှေကြာကို အများကြီးပဲ ကျေးဇူးတင်ပါတယ်ရှင့်။

အမကလည်း YOPE က အဖွဲ့အားလုံးကို ကျေးဇူးတင်သလို အခု YOPE ကို ကြည့်နေတဲ့ ပြည်သူလူထုအားလုံးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required