ALD ပါတီသစ် အလံနှင့်တံဆိပ်ကို ANP ကန့်ကွက်

ALD ပါတီသစ် အလံနှင့်တံဆိပ်ကို ANP ကန့်ကွက်

စစ်တွေ၊ မေ ၂၅ ရက်။                  ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ၏ ပါတီသစ်ထူထောင်ရာတွင် အသုံးပြုမည့် အလံနှင့် တံဆိပ်တို့မှာ ရခိုင်အမျိုးသားပါတီ (ANP) ၏ လက်ရှိအသုံးပြုနေသော အလံ၊ တံဆိပ်တို့နှင့် ပုံစံတူနေသည့် အတွက် မေလ ၂၃ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်စာပေးပို့ထားကြောင်း သိရသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်ထောင်စုရွးကောက်ပွဲကော်မရှင်သို့ အသုံးပြုရန် လျှောက်ထားသည့် အလံနှင့် တံဆိပ်တို့တွင် အသုံးပြုထားသည့် “ရခိုင်ဗျာလရုပ်”၏ ပုစံ၊ အရွယ်အစား၊ အရောင်၊ ကိုယ်ဟန်အနေအထား၊ အလံနှင့် တံဆိပ်တို့တွင် အသုံးပြုထားသည့် နောက်ခံအရောင် အနီ၊ အဖြူနှင့် ကြယ်တို့သည် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ ပေါင်းစည်း၍ ပေါ်ပေါက်လာခဲ့သော ရခိုင်အမျိုးသားပါတီ (ANP) ၏ အလံ၊ တံဆိပ်တို့နှင့် ဆင်တူယိုးမှားဖြစ်နေ၍ ကန့်ကွက်စာ တင်ရခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ဘက်ကလည်း အလံတူတယ်ဆိုပြီးတော့ ကန့်ကွက်စာတင်ထားတာပါ။ ဒါပေမယ့် ဗျာလရုပ်ဆိုတာက တစ်ဦးတစ်တစ်ဖွဲ့တည်း ပိုင်တာမဟုတ်ဘူး။ ရခိုင်တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ရုပ်ထုသင်္ကေတတစ်ပဲ ဖြစ်ပါတယ်။ ရခိုင်တွေရဲ့အသုံးအဆောင် ပစ္စည်းတစ်ခုလို့ ယုံကြည်လို့ ဒီလို အသုံးပြုလိုက်တာပါ။ နောက်တစ်ခုက အဖြူရောင်နဲ့ အနီရောင်ကို အသုံးပြုခြင်းဟာလည်းပဲ ရခိုင်အမျိုးသားတွေရဲ့သင်္ကေတပါပဲ” ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမျိုးကျော်ကပြောသည်။

ALD ပါတီသစ် ဖွဲ့စည်းခွင့်ရရှိပြီး တရားဝင်ပါတီတစ်ခုအဖြစ် မှတ်ပုံတင်လျှောက်ထားချိန်တွင် အလံနှင့် တံဆိပ်တို့မှာ ANP ပါတီနှင့် ဆင်တူယိုးမှား ဖြစ်နေသည့်အတွက် ရခိုင်အမျိုးသားပါတီအနေဖြင့် ၎င်း၏ ဆက်လက် တည်တန့်ရေးကို ထိခိုက်နိုင်သည်ဟု ယူဆကာ ကန်ကွက်စာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီမှ ဦးထွန်းအောင်ကျော်က ဆိုသည်။

“ရခိုင်အမျိုးသားပါတီမှာ သုံးထားတဲ့ဗျာလအရုပ်ရယ်၊ အရောင်ရယ်ပြီးတော့ အရွယ်အစားတွေ တူနေတာကြောင့် ရခိုင်အမျိုးသားပါတီရဲ့ ရပ်တည်မှုအပိုင်းကို ထိခိုက်လာနိုင်တယ် ဆိုပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မေလ ၂၃ ရက်နေ့က တင်ပြလိုက်ပါတယ်။ အဓိကအချက်ကတော့ ရွေးကောက်ပွဲကာလတွေမှာဆိုရင်  နိုင်ငံရေးပါတီ တစ်ခုကို တံဆိပ်တွေနဲ့ ကိုယ်စားပြုပြီး ထည့်သွင်းဖော်ပြတယ်။ အဲ့ဒီအချိန်ကျရင် မဲဆန္ဒရှင်တွေက အယောင်ယောင် အမှားမှားဖြစ်ပြီး မဲပေးရမှာ အခက်အခဲ ဖြစ်လာနိုင်တာကြောင့် ဖြစ်ပါတယ် ”ဟု ၎င်းက ပြောသည်။

လက်ရှိအသုံးပြုနေကြသည့် ပါတီအလံနှင့် တံဆိပ်မှာ နှစ်ပါတီပေါင်းစည်းစဉ်က နှစ်ဖက်သဘောတူ ပြုလုပ်ပြီး ANP ပါတီအလံနှင့် တံဆိပ်များအဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

“ပြည်နယ်အလံမှာလည်း အဲလိုပဲ သုံးထားသလို တခြားအလံတွေမှာလည်း သုံးထားတာတွေကို သိကြမှာပါ။ နှစ်ပါတီပေါင်း တုန်းကတော့ သူ့ဘက်ကဟာလည်းမရှိသလို ကိုယ့်ဘက်ကဟာလည်း မရှိတော့ဘူးပေါ့။ ဒါပေမယ့် ခွဲထွက်လာတဲ့အခါ ကိုယ့်ဟာကို သင့်တော်တဲ့ ပါတီတစ်ခု ထောင်လိုက်ခြင်းဖြစ်ပါတယ်”ဟု ဦးမျိုးကျော်က ဆက်လက်ပြောသည်။

ယခု အသစ်ထူထောင်မည့် ALD ပါတီမှာ ယခင် RNDP နှင့် ALD ပါတီတို့ပေါင်းစည်းပြီး ANP ၏ ပါတီ ခေါင်းဆောင်တချို့မှာ ပါတီစည်းမျှည်း စည်းကမ်းများကို ဖောက်ဖျက်သည်ဟုဆိုကာ ထုတ်ပယ်ခံခဲ့ရပြီး ၎င်းတို့က ခွဲထွက်ပါတီသစ်အဖြစ် ထူထောင်ရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required