ဂျေရုစလင်မြို့ဟောင်းကို သိမ်းပိုက်ရရှိခဲ့သည့် နှစ်၅၀ ပြည့်အထိမ်းအမှတ်ပွဲ အစ္စရေးတို့ကျင်းပ

ဂျေရုစလင်မြို့ဟောင်းကို သိမ်းပိုက်ရရှိခဲ့သည့် နှစ်၅၀ ပြည့်အထိမ်းအမှတ်ပွဲ အစ္စရေးတို့ကျင်းပ

 မေ ၂၅ ။                   ။ ထောင်ပေါင်းများစွာသော အစ္စရေးနိုင်ငံသားများသည် ဂျေရုစလင်မြို့ဟောင်းကို သိမ်းပိုက်နိုင်သည့် နှစ် ၅၀ ပြည့် အထိမ်းအမှတ်အနေဖြင့် မြို့၏အရှေ့ဖက်ခြမ်းသို့ ချီတက်ခဲ့ကြပြီး အမှတ်တရပွဲ ကျင်းပခဲ့ကြသည်။

လူပေါင်း ၆ သောင်း ကျော်သည် “ဂျေရုစလင်နေ့ရက်” ကျင်းပပွဲတွင် ပါဝင်ခဲ့ကြပြီး အနောက်တံတိုင်း၌ အတိုင်း ထက်အလွန် အောင်ပွဲခံခဲ့ကြကြောင်း ရဲများ၏ပြောဆိုချက်အရသိရပြီး ပြီးခဲ့သောနှစ်များက လူပေါင်း ၃သောင်း မှ ၄သောင်းအထိ ထိုအမှတ်တရနေ့ ကျင်းပပွဲတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

အနောက်တံတိုင်းသည် ဂျူးလူမျိုးများ ဝတ်ပြုနိုင်သည့် သန့်စင်မွန်မြတ်သော နေရာတစ်ခုဖြစ်သည်။

သီချင်းသီဆိုခြင်း၊ ကခုန်ခြင်း၊ အစ္စရေးနိုင်ငံအလံများကို ဝေ့ယမ်းခြင်းများ ပြုလုပ်၍ ဂျူးလူမျိုးလူအုပ်ကြီးသည် ပါလက်စတိုင်းများ နေထိုင်ရာနေရာကို ဖြတ်သန်း၍ ချီတက်ခဲ့ကြသည်။

ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မစ်ကီရိုဆန်ဖဲလ်က အထိမ်းအမှတ်ပွဲအား ငြိမ်းချမ်းစွာကျင်းပနိုင်ရန် ရာနှင့်ချီသော ရဲအရာရှိများကို တပ်ဖြန့်ချထားကြောင်း ပြောခဲ့သည်။

အစ္စရေးငြိမ်းချမ်းရေး လှုပ်ရှားသူတချို့က အာရပ်များနေထိုင်ရာ ရပ်ကွက်များသို့ ဖြတ်သန်းသွားခဲ့ကြကာ အမုန်းတရားဖြင့်ချီတက်ခြင်းဖြစ်ကြောင်း အမည်တပ်၍ ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။

သံပြိုင်ကြွေးကြော်နေခဲ့ကြသော အစ္စရေးလူမျိုးများသည် အာရပ်များနေထိုင်ရာ ရပ်ကွက်များသို့ ဖြတ်သန်း ချီတက်ခဲ့ကြပြီး အချို့က အာရပ်များ၏နေအိမ်တံခါးများကို ထုရိုက်ခဲ့ကြကာ “ဒီမြေအားလုံးကို အစ္စရေးတို့ပဲ ပိုင်တယ်” ဟု ဟီးဘရူးဘာသာစကားဖြင့် ရေးသားထားသော စတစ်ကာများကို ကပ်ခဲ့ကြသည်။

အစ္စရေးတို့သည် ဂျေရုစလင်မြို့အရှေ့ပိုင်းကို ၁၉၆၇ခုနှစ်က ဖြစ်ပွားခဲ့သော နာမည်ကျော် ၆ရက်တာစစ်ပွဲ အတွင်း သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ထိုကဲ့သို့ နိုင်ငံပြုခဲ့သည့် ၎င်းတို့၏ လုပ်ရပ်ကို   နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြုခဲ့ခြင်း မရှိကြောင်းသိရသည်။

အစ္စရေးတို့သည် ဂျေရုစလင်မြို့ကို ၎င်းတို့၏မြို့တော်ဟု ထုတ်ဖော်ကြေညာထားပြီး ပါလက်စတိုင်းတို့က မြို့၏အရှေ့ပိုင်းသည် ၎င်းတို့၏ အနာဂတ်နိုင်ငံတော်၏ မြို့တော်ဖြစ်ကြောင်း အခိုင်အမာပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required