ရန်ကုန်ပန်းခြံ ငှားရမ်းခ အရှုပ်တော်ပုံကို လွှတ်တော် လေ့လာနေ

ရန်ကုန်ပန်းခြံ ငှားရမ်းခ အရှုပ်တော်ပုံကို လွှတ်တော် လေ့လာနေ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူ အပန်းဖြေ လည်ပတ်နိုင်သည့် ပန်းဥယျာဉ်တစ်ခု (ဓာတ်ပုံ - Myanmar Now)

ရန်ကုန် (Myanmar Now) ။              ။ ရန်ကုန်မြို့ ပန်းခြံများရှိ မြေနှင့် ဆိုင်ခန်းနေရာ ၉၉၆ ခုကိုပေါက်ဈေးထက် အဆမတန် လျှော့ပြီး ငှားရမ်းထားခြင်းမှာ နိုင်ငံအတွက် များစွာနစ်နာသဖြင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီကအငှားစာချုပ်များကိုပြန်လည်လေ့လာပြီးလုပ်ငန်းရှင်တို့နှင့် ဆွေးနွေး မည်ဟုသိရသည်။

 ထိုစာချုပ်များအရ နိုင်ငံတော်က နှစ်စဉ်သန်းပေါင်း ၅၇,ဝဝဝ ထက် မနည်းနစ်နာနေသည်ဟု ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှု အစီရင် ခံစာတွင် ဖော်ပြထားကြောင်း၊  ကျိုးကြောင်းဆီလျှော်မှုမရှိသဖြင့် ပဋိညာဉ်မမြောက်သည့် စာချုပ်များ ဖြစ်နေကြောင်းပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်က ပြောသည်။

  “ဒီစာချုပ်တွေက အဓိပ္ပာယ်မရှိဘူးလေဗျာ၊စာချုပ်ချုပ်တယ်ဆိုတဲ့ ရည်ရွယ်ချက်က တရားမျှ တမှုကိုလိုချင်လို့ ချုပ်တာ၊ တရားမျှတမှုမရှိတဲ့ စာချုပ်ဆိုတာကမူလ ရည်ရွယ်ချက်ကို သွေဖယ်နေတာ ပေါ့” ဟုဦးတင့်လွင်ကပြောသည်။

 “အရင်တုန်းက ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ပေါ့ဗျာ ၊ခေတ်လည်းပြောင်းနေပြီဆိုတော့ နိုင်ငံသားတစ် ယောက်အနေနဲ့ တာဝန်သိစွာနဲ့ သူတို့ကိုယ်တိုင်ကလိုလိုလားလားနဲ့ ဒီစာချုပ်တွေကို ဘယ်လိုပြောင်း ပြီး ချုပ်သင့်တယ်ဆိုတာကို သဘောတူရင်တော့ ကောင်းတာပေါ့ဗျာ” 

ငှားရမ်းခနှင့် နစ်နာမှု

ဧပြီ ၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက တိုင်းဒေသကြီး လွှတ်တော်သို့ ပေးပို့သည့် အစီရင်ခံစာတွင်ပန်းဥယျာဉ်နှင့် ကစားကွင်း ငှားရမ်းခနည်းပါးလွန်းသဖြင့်   ပြည်သူ့ဘဏ္ဍာဆုံးရူံး နစ်နာခြင်းအပြင် ကုမ္ပဏီများကစာချုပ်ပါ အချက် လိုက်နာမှု မရှိခြင်း၊ လုပ်ငန်း လုပ်ပိုင်ခွင့်ကို တင်ဒါမခေါ်ယူဘဲ လက်သိပ်ထိုးပေးအပ်ခြင်းတို့ အကြောင်းကိုလည်း   ဖော်ပြထားသည်။

   ရွှေတိဂုံအနီး ပြည်သူ့ဥယျာဉ်အတွင်းမှ မြေဧက ၈ဝ နီးပါးကိုNatural World ကုမ္ပဏီကတစ် ပေ ၆ ကျပ်ခန့်နှုန်းဖြင့် ၂၅ နှစ်ကြာငှားရမ်းခွင့် ရထားသည်။  ၂ဝ၁၁ ခုနှစ်မှ စတင်ခဲ့သော ထိုသဘော တူညီမှုအတွက် နိုင်ငံတော်က၁၄,၂၈၁သန်း နှစ်စဉ် ဆုံးရှုံးနစ်နာရသည်ဟုအစီရင်ခံစာတွင် ဖော်ပြထား သည်။ 

  ကမ္ဘာအေးဘုရားလမ်း၊ မြကျွန်းသာပန်းခြံအတွင်းကုမ္ပဏီ ၈ခုငှားရမ်းမှုမှာတစ်ပေ ၂၅ ကျပ်နှုန်း ဖြစ်သောကြောင့် နှစ်စဉ် ၂၁,၆၂၉သန်းနစ်နာသည်ဟု အစီရင်ခံစာက ဆိုသည်။ 

စာချုပ်များကို ပြန်လည်စိစစ်ရန် စာရင်းစစ်ချုပ်ရုံးက လွှတ်တော်ကို တိုက်တွန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကပြောသည်။ “ပြည်သူ့မျက်နှာ မကြည့်ဘဲနဲ့ လက်တစ်ဆုပ်စာလူတွေနဲ့ ပေါင်းပြီးလုပ်ခဲ့ကြတာတွေပေါ့” ဟုဒေါ်ကြည်ပြာကဆိုသည်။

ပန်းခြံအတွင်း လုပ်ငန်းလုပ်ပိုင်ခွင့် စာချုပ်များနှင့် ပတ်သက်ပြီး လွှတ်တော်ကအစိုးရကို တိုက်တွန်း မည်ဖြစ်ကြောင်း၊ အစိုးရ၏  တာဝန်ယူမှုကိုလည်း လွှတ်တော်ကစောင့်ကြည့်သွားမည် ဖြစ်ကြောင်း ဒေါ်ကြည်ပြာကရှင်းပြသည်။

  “လက်ရှိအစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တိုင်ပင် ဆွေးနွေးပြီး၊ ပြန်လည်ဆန်းစစ်ပြီး တော့ စာချုပ်ပြန်ချုပ်လို့လည်းရနိုင်ပါတယ်”  ဟုဒေါ်ကြည်ပြာကဆိုသည်။ 

ယခင် ညွှန်ကြားချက်

 ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် တစ်ဦးဖြစ်ခဲ့သည့် ဦးဌေးအောင်က မြေငှား ရမ်းသည့် လုပ်ငန်းစဉ်တွင် ကော်မတီကလုပ်ပိုင်ခွင့်အာဏာရှိသည် ဆိုသော်လည်းတိုင်းအစိုးရ အဖွဲ့၏ ညွန်းကြားချက်အရသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ရှင်းပြသည်။

  “တိုင်းဒေသကြီး အစိုးရက ငှားလိုက်ပါဆိုရင် စည်ပင်ကစာချုပ် ချုပ်ပေးလိုက်ရတာပဲ။ ပြည်သူ့ ဥယျာဉ်ဆိုရင် ဘာထူးလို့လဲ၊ဝန်ကြီးချုပ်အမိန့်နဲ့ငှားတာပဲ” ဟုဦးဌေးအောင်ကဆိုသည်။  စာချုပ်ပါ ငှားရမ်းခများမှာ နည်းပါးလွန်းသဖြင့် ကာလပေါက်ဈေးနီးပါးရရှိရန် ကြိုးစားရာ လုပ်ငန်းရှင်တို့နှင့် ဆက်စပ်မှုရှိသည့် အရာရှိများ၏ ငြိုငြင်မှုကိုခံရကြောင်း ဦးဌေးအောင်က ပြောသည်။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required