“ ရန်ကုန်က ဂျာမန်ဘာသာ စာနှစ်အုပ် ဆွေးနွေးပွဲ”

“ ရန်ကုန်က ဂျာမန်ဘာသာ စာနှစ်အုပ် ဆွေးနွေးပွဲ”

ကိုမျိုးသန့်ရေ

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့က ကျွန်တော်ဟာ ရန်ကုန် ကမ်းနားလမ်းဟော်တယ်မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံအကြောင်း ရေးထားတဲ့ စာအုပ်နှစ်အုပ်နဲ့ ပတ်သက်ပြီး ဆွေးနွေးငြင်းခုံပွဲ တစ်ခုကို တက်ရောက်ခဲ့ပါတယ်။ ထူးခြားတယ်လို့ပဲ ဆိုရမလား၊ အဲဒီ စာအုပ်နှစ်အုပ် စလုံးဟာ ဂျာမန်ဘာသာနဲ့ ရေးသားပြုစုထားတဲ့ စာအုပ်တွေဖြစ်ပြီး ဆွေးနွေး ငြင်းခုံပွဲ တက်လာတဲ့သူ တွေ အားလုံးကလည်း ဂျာမန်ဘာသာနဲ့ပဲ အမေးအဖြေတွေ ငြင်းခုံမှုတွေ လုပ်သွားတာပါ။ လူ ၅၀ ကျော်တက်တဲ့ ပွဲပါ။ အထင်မကြီးလိုက်ပါနဲ့။ ကျွန်တော် ဂျာမန် စကားရော စာပါ မတတ်ပါဘူး။ ဒါဆို ဘာလို့ အဲဒီပွဲကို ရောက်သွားတာလဲ မေးစရာ ရှိပါတယ်။ အဲဒီ ပွဲကို တက်ဖို့ ဂျာမန်ဘာသာနဲ့ စာအုပ် ရေးသား ပြုစုသူလည်းဖြစ်၊ ကျွန်တော်တို့ ဘာလင် ခရီးစဉ်ကို ကမကထပြု စီစဉ်သူတွေထဲက တစ်ယောက် အပါအဝင်လည်းဖြစ်တဲ့ အင်းဒရီးယက်စ် က ပြောပြလို့ အဲဒီ ပွဲ တက်ဖြစ်တာပါ။ စကားနားမလည်ပေမယ့် သူတို့ အဲလိုပွဲမျိုး ဘယ်လိုကျင်းပတယ်၊ သူတို့ရဲ့ အလေ့အထ ဘယ်လို  ရှိတယ် ဆိုတာ သိရအောင် သွားခဲ့ရတဲ့ ပွဲပါ။ ဒီ ပွဲနဲ့ ဆက်စပ်ပြီး ပြောပြချင်တဲ့ အကြောင်းအရာ တချို့ ဒီတစ်ပတ် ပြောပြမယ်နော။

အဲဒီ ပွဲမတိုင်ခင် အင်းဒရီးယက်စ် နဲ့ ကျွန်တော် ရန်ကုန်မှာ နှစ်ကြိမ် ဆုံကြပါသေးတယ်။ နှစ်ကြိမ်စလုံး ရွှေတိဂုံစေတီတော်ကြီးကို နီးနီးကပ်ကပ် ဖူးတွေ့နိုင်တဲ့၊ ရန်ကုန်မြို့ရဲ့ နိမိတ်ပုံကို ဖော်နိုင်တဲ့ ဗဟန်းက Rooftop Bar အပေါ်ဆုံးထပ်မှာပါ။ အဲဒီနေ့ မိုးတဖွဲဖွဲ ရွာပေမယ့် ရွှေတိဂုံ စေတီတော် မြင်ကွင်းကိုတော့ မထိခိုက်ပါဘူး။ သူက ကျွန်တော့်ကို ရန်ကုန်မှာ ဂျာမန်ဘာသာနဲ့ ရေးသားပြုစုထားတဲ့ မြန်မာနိုင်ငံအကြောင်း စာအုပ်နှစ်အုပ်နဲ့ ပတ်သက်ပြီး ဆွေးနွေးငြင်းခုံပွဲ တစ်ခု လုပ်ဖို့ ရှိတယ် ဆိုပြီး ပြောပြပါတယ်။ အဲဒီထဲမှာ သူကိုယ်တိုင် ပြုစုထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်း စာအုပ်ရယ်၊ တခြား ဂျာမန်စာရေးဆရာ တစ်ယောက် ပြုစုထားတဲ့ မြန်မာ့ဒီမိုကရေစီနဲ့ ဗုဒ္ဓဘာသာ အကြောင်း ဆိုတဲ့ စာအုပ်တွေရယ်ပဲ ဖြစ်ပါတယ်။ အဲလို ပြောရင်းနဲ့ သူက မေးခွန်းတစ်ခု မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အကြောင်းနဲ့ ပတ်သက်ရင် ကမ္ဘာပေါ်မှာ ဘာသာပေါင်းစုံနဲ့ စာအုပ် အများအပြား ပြုစုထုတ်ဝေကြတယ်၊ သုတေသနတွေ လုပ်ကြတယ်၊ အခု သူတို့လည်း ဂျာမန်ဘာသာနဲ့ ထုတ်တယ်။ မင်းတို့ မြန်မာဂျာနယ်လစ်တွေရော သုတေသန လုပ်တာတွေ၊ စာအုပ် စာတမ်း ပြုစု ထုတ်ဝေတာတွေ မလုပ်ဘူးလား လို့ မေးပါတယ်။

ကျွန်တော်ကတော့ အမှန်အတိုင်း ရိုးရိုးပဲ ဖြေပါတယ်။ အဓိက အချက်ကတော့ ကျွန်တော်တို့ ဂျာနယ်လစ်တွေ၊ မြန်မာနိုင်ငံသား ပညာရှင်တွေ ညံ့လို့ပဲ ဖြစ်တဲ့အကြောင်း၊ နောက်ထပ် အကြောင်း တစ်ချက်ကတော့ စစ်အာဏာရှင်တွေက ရာစုနှစ် တစ်ဝက်လောက် ဖိနှိပ် အုပ်ချုပ်လာတဲ့ ကာလ အတွင်း ဘယ်လို ပညာရပ်ဆိုင်ရာ၊ ဘယ်လို သမိုင်းဆိုင်ရာ ကိစ္စမျိုးကိုမှ လွတ်လွတ်လပ်လပ် သုတေသန လုပ်လို့ မရတဲ့အကြောင်း၊ အခက်အခဲတွေ အများကြီး ရှိတဲ့အကြောင်း ရှင်းပြပါတယ်။ အဲဒီလို ပြောလို့ မြန်မာတွေ ရေးတဲ့ သုတေသန စာစောင်တွေ၊ စာတမ်းတွေ၊ စာအုပ်တွေ မရှိဘူးတော့ မဟုတ်ပါဘူး။ ရှိပါတယ်။ ဒါပေမယ့် နည်းတယ် ဆိုတဲ့အကြောင်းပါ။

ကိုမျိုးသန့်ရေ

ဒီအကြောင်း ကျွန်တော် စဉ်းစားမိတာ ငယ်စဉ်ကတည်းကပါ။ ငယ်စဉ်ကတည်းက စာတွေ ပေတွေ ဖတ်ရင်း မြန်မာဘာသာစကားနဲ့ ပတ်သက်တာတွေ၊ မြန်မာ့သမိုင်း၊ မြန်မာ့ ဓလေ့နဲ့ ပတ်သက် တာတွေကို သုတေသနပြု၊ စာတမ်းတွေ ရေးသားထားတာတွေဟာ ဗြိတိန်နိုင်ငံ အောက်စဖို့လို တက္ကသိုလ်မျိုးတွေမှာ အများအပြား ရှိတယ် ဆိုတဲ့အကြောင်း၊ မြန်မာနိုင်ငံမှာတော့ အဆင့်အတန်းမီ သုတေသန ပြုချက်နဲ့ စာတမ်းတွေ နည်းတယ် ဆိုတာ သိခဲ့ရလို့ပါပဲ။ ငယ်ငယ်ကတည်းက ကျွန်တော် သိခဲ့တာက ကျွန်တော်တို့ နိုင်ငံအကြောင်း သိချင်ရင် သူတို့ (အနောက်နိုင်ငံသား ပညာရှင်တွေ) ရေးတာ ဖတ်ရမှာပါလား ဆိုတာပါပဲ။ စိတ်တော့ မကောင်းပါဘူး။ ဒါပေမယ့် ဒါက တကယ့် အဖြစ်မှန် မဟုတ်လားနော။

လက်ရှိ ကျွန်တော်တို့ အသုံးပြုနေတဲ့ ကွန်ပျူတာ မြန်မာစာစနစ် ဆိုရင်လည်း နိုင်ငံခြားသား တွေကပဲ အစပြု လုပ်ပေးခဲ့တာ မဟုတ်လားဗျာ။ ရှေးတုန်းက မြန်မာ့သမိုင်းသင်ရင် ဂျီအီးဟာဘေးလို အိပ်ချ်ဂျီလုစ်လို အနောက်တိုင်း သမိုင်းပညာရှင်တွေရဲ့ စာအုပ်တွေကို ဖတ်ရတာပဲ မဟုတ်လားဗျာ၊ နော။ မျက်မှောက်ခေတ်မှာတောင်  မြန်မာနိုင်ငံ အကြောင်းဆိုရင် ဂျိုးဇက် စတိုင်းဘက်ရဲ့ စာတွေ၊ ဒေးဗစ် စတိုင်းဘက် သုတေသန လုပ်ထားတာတွေ၊ တရုတ် မြန်မာ ဆက်ဆံရေး အကြောင်းဆိုရင် လည်း အနောက်နိုင်ငံသား ပညာရှင်နဲ့ တရုတ် ပါမောက္ခတွေ ပေါင်းရေးထားတာတွေက များပါတယ်။ မြန်မာ့နိုင်ငံရေး အခြေအနေအကြောင်း သိချင်ရင်လည်း လယ်ရီဂျာဂင်တို့ ဘာတေးလစ်တနာတို့ကို မေးနေကြတာပဲ မဟုတ်လားဗျာ။ ပြောရရင် ကျွန်တော်တို့ မြန်မာပညာရှင်တွေ၊ သမိုင်းပညာရှင်တွေ၊ ဂျာနယ်လစ်တွေ သုတေသနလုပ် စာအုပ်ထုတ်တယ် ဆိုတာက နည်းနည်းလေးရယ်။

ဆိုတော့ ကျွန်တော်တို့ရဲ့ အနေအထားဟာ စိတ်ကျေနပ်စရာ မကောင်းပါဘူး။ စစ်အာဏာရှင် စနစ်၊ ဖျက်ဆီးခံရတဲ့ ပညာရေးစနစ်တွေကို အပြစ်တင်နေရုံနဲ့ မပြီးသေးပါဘူး။ တစ်တိုင်းပြည်လုံး ပြန်လည် ထူမတ်အောင် လုပ်ရမှာ ဖြစ်သလို တစ်ဦးချင်း တစ်ယောက်ချင်း အနေနဲ့လည်း သုတေသန လုပ်တာတွေ၊ စာတမ်းပြုစုတာတွေ၊ စာအုပ် ထုတ်တာတွေ လုပ်ရမှာ ဖြစ်ပါတယ်။ ခုဆိုရင် ပုံနှိပ် ထုတ်ဝေရေး လုပ်ငန်းဟာ ရာခိုင်နှုန်းပြည့် နီးပါး လွတ်လပ်လာပါပြီ။ အချို့သော အကြောင်းအရာတွေ ကို သုတေသန လုပ်ရာမှာ အခက်အခဲတွေ ရှိနိုင်သေးပေမယ့် လုပ်လို့ရနေပါပြီ။ ကိုယ့်တွေ့ရှိချက်တွေ ကို ကိုယ် လွတ်လွတ်လပ်လပ် ဖော်ပြလို့ ရနေပါပြီ။ 

ကျွန်တော့် တစ်ဦးချင်း စိတ်ကူးအရဆိုရင် ကျွန်တော်ဟာ အရင်တုန်းက သတင်းရေးတာ၊ သတင်းဆောင်းပါးရေးတာ၊ အယ်ဒီတာ လုပ်တာ၊ ထုတ်ဝေသူ လုပ်တာ ဖြတ်သန်းခဲ့ပြီးပါပြီ။ အခု အသက် ၅၀ အရွယ်မှာ သတင်းဝေဖန်သုံးသပ်သူ ဒါမှမဟုတ် နိုင်ငံရေး လေ့လာသုံးသပ်သူ အနေနဲ့ စာရေး၊ အသံလွှင့်၊ ရုပ်သံ တင်ဆက် လုပ်နေပါတယ်။ အဲ အသက် ၆၀ မတိုင်ခင်လောက်မှာ အခု လုပ်ငန်းကိုလည်း ဖိဖိစီးစီး မလုပ်နိုင်၊ အချိန်လည်း ပိုရလာမယ် ဆိုရင်တော့ ကိုယ်သိချင်တာ၊ ပြည်သူ တွေ သိချင်တဲ့ အကြောင်းအရာတွေကို သုတေသနလုပ်၊ စာတမ်းပြုစုတာ၊ စာအုပ် ထုတ်ဝေတာတွေ လုပ်မယ်လို့တော့ ရည်မှန်းထားပါကြောင်း။
ကျန်းမာပျော်ရွှင်ပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags