လိပ်ကျွန်းအမှုအတွက် ဥပဒေပိုင်းဆိုင်ရာ အကြံပြုချက်များ လိုအပ်နေသေးသဖြင့် အယူခံတင်ရန် တစ်လနောက်ဆုတ်

လိပ်ကျွန်းအမှုအတွက် ဥပဒေပိုင်းဆိုင်ရာ အကြံပြုချက်များ လိုအပ်နေသေးသဖြင့် အယူခံတင်ရန် တစ်လနောက်ဆုတ်
ဓာတ်ပုံ-EPA
 

ချင်းမိုင်၊ မေ ၂၄ ။           ။ ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုကြောင့် သေဒဏ်ကျခံနေရသော မြန်မာနိုင်ငံသား နှစ်ဦး၏အမှု နောက်ဆုံးအယူခံတင်နိုင်ရေးအတွက် DNA စစ်ဆေးခြင်းနှင့် ပတ်သက်၍ မြန်မာဥပဒေ လုပ်ထုံးလုပ်နည်းများ တောင်းခံထားသဖြင့် အယူခံမတင်နိုင်သေးဘဲ တစ်လနောက်ဆုတ်ထားရကြောင်း သိရသည်။

မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အမှုအတွက် ထိုင်းရှေ့နေများကောင်စီက သိလိုတဲ့ DNA နှင့် ပတ်သက်သည့် စစ်ဆေးချက်များ ပြင်ဆင်ရန်ရှိနေသေးသည့်အတွက် အချိန် တစ်လ ထပ်တိုးတောင်းဆိုခဲ့ရခြင်းဖြစ်ကြောင်း မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“မြန်မာဥပဒေအကြံပြုအဖွဲ့က အကြံပေးချက်တွေကို ထိုင်းရှေ့နေများ ကောင်စီကို ပို့ထားပါတယ်။ ထိုင်းရှေ့နေများကောင်စီကလည်း ဒီဟာကို သုံးသပ်ပြီးတော့ လျောက်လဲချက်ရေးဖို့ပါပဲ။ ဒါပေမဲ့ DNA စစ်ဆေးတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဘက်က DNA လုပ်ထုံးလုပ်နည်းလေးတွေကို သိပါစေဆိုပြီး ထပ်ရှိလာပါတယ်။ ဒီလိုတောင်းဆိုတဲ့အချက်ကို အကြောင်းပြန်ဖို့အတွက် ကျနော်တို့မှာ အချိန်ယူရပါတယ်။ အဲဒါကြောင့်မို့ အခုရက်ချိန်းကို အယူခံတင်လို့ မမီနိုင်တာကြောင့် ရက်ချိန်းတောင်းတဲ့သဘောပါ”ဟု သူက မဇ္ဈိမကို ပြောသည်။

မေလ ၅ ရက်က လိပ်ကျွန်းအယူခံအတွက် စာမျက်နှာ ၇ မျက်နှာပါရှိသော မြန်မာသံရုံးမှ မြန်မာအစိုးရ ဥပဒေရေးရာနှင့် မူခင်းပိုင်းကျွမ်းကျင်သူအဖွဲ့၏ ဥပဒေပိုင်းအကြံပြုချက်ကို ထိုင်းရှေ့နေများကောင်စီသို့ ပေးပို့ခဲ့ပြီးနောက် မြန်မာအစိုးရ၏ DNAလုပ်ထုံးလုပ်နည်း အကြံပြုချက်ပေးရန် ထပ်မံတောင်းခံခြင်း ဖြစ်သည်။

ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ အမှုတွင် DNA စစ်ဆေးမှု ရှုပ်ထွေးနေသလို၊ လေးနက်မှု ရှိသဖြင့် ထိုင်းရှေ့နေများကောင်စီက အဓိကထား တောင်းဆိုခြင်းဖြစ်သည်ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“အမှုတခုလုံးကို ကြည့်ရင် DNAဟာ အရေးကြီးတဲ့ကဏ္ဍမှာပါဝင်နေပါတယ်။ သေဒဏ်တာ ပေးထားတယ်။ မျက်မြင်သက်သေမရှိတဲ့ အမှုပါ။ ဒါကြောင့်မလို့ DNA အချက်ကို ရှင်းပြမယ်ဆိုရင် ပေါက်တူးမှာ ကလေးတွေနဲ့ မတူဘူး။ ထို့အတူ ဟန်နာရဲ့ တန်ဆာတွင်းမှာ တွေ့တဲ့ လူသုံးယောက်ရဲ့ ဒီအန်အေဖြစ်ပြီးတော့ ရာထွေးနေတဲ့ ဒီအန်အေဖြစ်နေပါတယ်။ ဒါကြောင့် ထိုင်းရှေ့နေများကောင်စီက ဒါကို အဓိကတောင်းဆိုတာ ဖြစ်ပါတယ်”ဟု သူက ပြောသည်။

၎င်းအကြံပြုချက်များအပေါ် မူတည်၍ ထိုင်းရှေ့နေများ ကောင်စီက မေလ ၂၃ ရက် မတိုင်မီ ထိုင်းတရားရုံးချုပ်သို့ နောက်ဆုံး အယူခံတင်ရမည်ဖြစ်သော်လည်း လိုအပ်ချက်များ ရှိနေသေးသဖြင့် မေလ ၁၅ ရက်က ထိုင်းတရားရုံးသို့ အချိန်တစ်လ တိုးမြှင့် တောင်းဆိုခဲ့ပြီး ဖြစ်ကြောင်း သူက ပြောသည်။

မြန်မာအစိုးရ၏ ဥပဒေပိုင်းဆိုင်ရာ အကြံပြုချက်များ ရရှိပြီး လျောက်လဲချက်များ ရေးသားပြီးပါက လာမည့် ဇွန်လ ၂၃ ရက်နေ့ မတိုင်မီ ထိုင်းတရားရုံးချုပ်သို့ အယူခံ တင်သွင်းသွားမည် ဖြစ်သော်လည်း လာမည့်အပတ်တွင်း တင်နိုင်ရန် ကြိုးပမ်းနေသည်ဟု သူက ပြောသည်။

ပြီးခဲ့သည့် မတ်လက မြန်မာနိုင်ငံအစိုးရမှ စေလွှတ်ခဲ့သော ဥပဒေအကြံပြုအဖွဲ့မှ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ညွန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း၊ CID မူခင်းဌာနမှ မူခင်းဆိုင်ရာ ကျွမ်းကျင်သူ ရဲမှူးကြီး ဦးစိုးနိုင်ဦးတို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိလာ၍ အမှုတွဲပါ အထောက်အထားများကို ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် မေလ ၅ ရက်က အယူခံအတွက် အကြံပြုချက်များကို ထိုင်းရှေ့နေများ   ကောင်စီထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့သည် ၂၀၁၄ ခုနှစ် စက်တင်ဘာလက ဗြိတိန်နိုင်ငံသား ဟန်နား ဝစ်သာရစ်နှင့် ဒေးဗစ်မေတို့ လိပ်ကျွန်းတွင် အသတ်ခံခဲ့ပြီးနောက် ဖမ်းဆီးခံရကာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သေဒဏ် အမိန့်ချမှတ်ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required