ဆရာတော်ဦးပါမောက္ခအမှု ပုဒ်မ ၁၉ တရားစွဲဆိုမှုပယ်ဖျက်ပေးရန် လျှောက်ထားမှုကို တိုင်းတရားလွှတ်တော် လက်ခံ

ဆရာတော်ဦးပါမောက္ခအမှု ပုဒ်မ ၁၉ တရားစွဲဆိုမှုပယ်ဖျက်ပေးရန် လျှောက်ထားမှုကို တိုင်းတရားလွှတ်တော် လက်ခံ

ရန်ကုန်၊ မေ   ၂၄ ။             ။ အမေရိကန်သံရုံးရှေ့ဆန္ဒပြမှုဖြင့် ကမာရွတ်မြို့နယ်တရားရုံးတွင် ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုမှုခံရခြင်းမှ ပယ်ဖျက်ပေးရန် မေလ ၂၃ ရက်နေ့က လျှောက်ထားမှုကို ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ရုံးက လက်ခံခဲ့သည်ဟု မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

ကမာရွတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးက နိုင်ငံတော်အကြည်ညို ပျက်စေမှု ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားမှုပယ်ဖျက်ပေးရန် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်သို့ ဆက်လက်လျှောက်ထားသွားမည်ဟု ဆရာတော်ဦးပါမောက္ခက မဇ္ဈိမသို့မိန့်ကြားသည်။

''ဘုန်းကြီးတို့က လုံးဝ ဒီပြစ်မှုမမြောက်ဘူးလေ။ ဘုန်းကြီးရဲ့ပြောဟောချက်တွေထဲမှာ ဘုန်းကြီးရဲ့ လုပ်ဆောင်ချက်တွေထဲမှာ ဘုန်းကြီးက မိမိနိုင်ငံကိုတိုးတက်စေချင်တယ်။ တရားဥပဒေ စိုးမိုးစေချင်တယ်။ ဒီဆန္ဒတွေ အပြည့်အဝရှိတယ်။ ဘုန်းကြီးရဲ့ပြောဟောချက်တွေထဲမှာ နိုင်ငံတော်ကို အကြည်ညိုပျက်စေတဲ့စကားမျိုး တစ်ခုမှမပါဘူးလေ၊ ဒါကို ဆက်လက်လျှောက်ထားသွားမယ်" ဟု မိန့်သည်။

ဆရာတော်ဦးပါမောက္ခအပါအဝင် ဆရာတော်ဦးသုစိတ္တ၊ ဆရာတော်ဦးဉာဏဓမ္မ၊ ကိုဝင်းကိုကိုလတ်၊ ကိုသက်မျိုးဦး၊ ကိုနောင်တော်လေးနှင့် ကိုနေဝင်းအောင်တို့ကို ကမာရွတ်မြို့နယ်စခန်းက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၉) ဖြင့်အမှုဖွင့်အရေးယူခဲ့ပြီး ကမာရွတ်မြို့နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူးက နိုင်ငံတော်အကြည်ညို ပျက်စေမှု ၅၀၅ (ခ) တို့ဖြင့် ထပ်မံ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

"သံဃနာယကအဖွဲ့ရဲ့ ခွင့်ပြုချက်အဆင့်ဆင့်ကို မယူဘဲနဲ့တရားစွဲဆိုတာဟာ မှားနေခဲ့တာကိုး။ တစ်ကယ်တမ်းပြောရမယ်ဆိုရင် ဒါက ဝိနိစ္ဆယလက်စွဲ အပိုဒ် ၉၀ နဲ့ မငြိစွန်းတဲ့ အမှုအခင်းအမျိုးအစား   ဖြစ်တယ်။ နောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ နဲ့ လူ့အခွင့်အရေးကြေငြာချက်စာတမ်းအပိုဒ် ၁၉ တို့အရ ဆရာတော်ရဲ့ဆောင်ရွက်ချက်က ဥပဒေနဲ့ဆန့်ကျင်တာမဟုတ်ဘူးလေ" ဟု တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့စက်လှေနစ်မြုပ်မှုတွင် သေဆုံးခဲ့မှုများကို အမေရိကန်သံရုံးက ရိုဟင်ဂျာလူမှု အသိုက်အဝန်းများဟု ထုတ်ပြန်ခဲ့ခြင်းအပေါ် ၂၀၁၆ ဧပြီ ၂၈ ရက်က  အမေရိကန်သံရုံးရှေ့တွင် ဆန္ဒ ထုတ်ဖော်ရန် သက်ဆိုင်ရာသို့ တင်ပြခဲ့ပြီး  ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်အားကစားကွင်းမှာသာ ခွင့်ပြုပေးခဲ့သော်လည်း အမေရိကန်သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည့်အတွက် ယခုလိုတရားစွဲဆိုခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required