ကားနောက်ဖုံးအတွင်းမှ ကျပ်သိန်း ၄,၅ဝဝ တန်ဖိုးရှိ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားများနှင့် သယ်ဆောင်လာသူနှစ်ဦး မိုးကုတ်တွင်ဖမ်းမိ

ကားနောက်ဖုံးအတွင်းမှ ကျပ်သိန်း ၄,၅ဝဝ တန်ဖိုးရှိ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားများနှင့် သယ်ဆောင်လာသူနှစ်ဦး မိုးကုတ်တွင်ဖမ်းမိ
ဓာတ်ပုံ - မန္တလေးတိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ မေလ ၂၄ ။               ။ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြင်ဦးလွင်-မိုးကုတ်ကားလမ်း၊ လယ်ကြီးရဲကင်းရှေ့တွင် ပြင်ဦးလွင်ဘက်မှ မိုးကုတ်ဘက်သို့မောင်းနှင်လာသော ကားနောက်ဖုံးအတွင်း ဝှက်သယ်လာသော ကျပ်သိန်း ၄,၅ဝဝ တန်ဖိုးရှိ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားများနှင့် သယ်ဆောင်လာသူနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ အမှတ် ၄ ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၁ နှစ်အရွယ် ဟန်သိန်းဆိုသူက မောင်းနှင်လာပြီး အသက် ၂ဝ အရွယ် ကျန်ရှုဝေဆိုသူက လိုက်ပါလာသည့် နက်ပြာရောင်ကားအား ရပ်တန့်ရှာဖွေခဲ့ရာ ကားနောက်ဖုံးအတွင်း ဝှက်ပြီးသယ်ဆောင်လာသည့် 88/1 ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ဆီစိမ်စက္ကူဖြင့်ထုပ်ပိုးထားသော အထုပ်ကြီး (၁)ထုပ်လျှင်   ဆေးပြား(၆,ဝဝဝ)စီပါ အထုပ်ကြီး(၂၅)ထုပ်၊ ဒေသပေါက်ဈေးကျပ်သိန်းပေါင်း ၃၅,ဝဝ တန်ဖိုးရှိ စုစုပေါင်းဆေးပြား ၁၅ဝ,ဝဝဝ ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အမှတ်(၇၁) ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ မိုးကုတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ လယ်ကြီးတံတား လုံခြုံရေး ရဲကင်းမှူးနှင့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ မေလ ၂၂ ရက်က မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ မိုးကုတ်မြို့နယ်၊ ပြင်ဦးလွင်-မိုးကုတ်ကားလမ်း၊ လယ်ကြီးရဲကင်းရှေ့တွင် ပိတ်ဆို့ရှာဖွေနေစဉ် အဆိုပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားများ ဝှက်ပြီး သယ်ဆောင်လာသည့်ကားကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသူနှစ်ဦးဖြစ်သည့် ဟန်သိန်းနှင့် ကျန်ရှုဝေတို့အား မိုးကုတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော   ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required