သည်းခံစိတ်ဖြင့် ရှေ့ဆက်ခဲ့သူ ဘီလီလမင်းအေး

24 May 2017
သည်းခံစိတ်ဖြင့် ရှေ့ဆက်ခဲ့သူ ဘီလီလမင်းအေး
 

ညီမက ကျောင်းဆရာမတစ်ယောက်ဖြစ်တယ်။ ကိုယ့်ဘာသာကိုယ် ငြိမ်ငြိမ်သက်သက်လေးနဲ့ စာဖတ်လိုက် ကလေးတွေကို စာသင်လိုက်နဲ့ ၊ ဒါပေမယ့် ကလေးတွေကို စာသင်တာနဲ့ စတိတ်ပေါ်မှာ သီဆိုရတာက မတူဘူး။ စာသင်တဲ့အချိန်တုန်းကလည်း Class ထဲမှာလည်း ကိုယ်က အရမ်း Active ဖြစ်တဲ့သူတစ်ယောက်ပေါ့နော်။ ဒါပေမယ့် များသောအားဖြင့် ကလေးတွေနဲ့ တွေ့ပြီးသွားရင်လည်း ငြိမ်နေတတ်တာများတယ်။ ကိုယ့်ဘာသာကိုယ် ရုံးခန်းမှာ တစ်ယောက်တည်းထိုင်နေတာမျိုးတို့ စာဖတ်နေတာမျိုးတို့ အဲလို ငြိမ်နေတာပဲများတယ်။

ဒါပေမယ့် အခု စတိတ်ပေါ် တက်ရတဲ့ ဖီလင်က ကျောင်းသားတွေရှေ့မှာ စာသင်ရတာနဲ့ မတူဘူး။ ဘယ်လိုပြောမလဲ ပရိသတ်ကိုယ့်ကို ကြိုက်အောင် ချစ်အောင် လုပ်ပေးနေရတယ်။ သီချင်းဆိုပြရတယ်။ စာသင်တာကကျတော့ ဘာပဲပြောပြော စာအုပ်ထဲမှာရှိတာကို ကိုယ်က သင်ပေးရတယ် ကလေးတွေ နားလည်ရင်ပြီးသွားပြီ။

အမှန်တော့ ဒီပြိုင်ပွဲကို စပြီးတော့ ပြိုင်မယ်လို့ အရမ်းကြီး စိတ်ထဲမှာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သီချင်းပြိုင်မယ့်ရက်ကလည်း ကလေးတွေ စာမေးပွဲရှိနေတာတို့ ဘာတို့ အဲလိုမျိုးကြီး အမြဲတမ်း ရှုပ်နေတာ။ ဆုရမယ်တို့ ဘာတို့လည်း ဖူး ဦးနှောက်ထဲမှာ သိပ်ပြီးတော့ မထည့်ထားဘူး။ ဒါပေမယ့် အဲဒီနေ့မှာ မှတ်မှတ်ရရ ဖူးအကို သူငယ်ချင်းရယ် ဖူးရယ် သုံးယောက် သူတို့ကကျတော့ အရမ်းတက်ကြွကြတယ်။ Myanmar Idol ကို ပြိုင်ချင်တယ်ပေါ့နော်။ အဲဒါနဲ့ မောင်နှမသုံးယောက် ဖောင်အတူတူဖြည့်ပြီးတော့ သွားပြိုင်ကြမယ်ဆိုပြီးတော့ သွားကြတယ်။ သူတို့က ပြုတ်ကျန်နေခဲ့တယ်။ ဖူးကတော့ တစ်ဆင့်ပြီးတစ်ဆင့် တက်သွားတယ်။ ဘာပဲပြောပြော စလုပ်လိုက်တုန်းကတော့ ရည်ရွယ်ချက်မရှိပေမယ့် တစ်ဆင့်ပြီးတစ်ဆင့် တက်လာတဲ့အချိန်မှာ ကိုယ့်မှာ ရည်ရွယ်ချက်လေး စရှိလာပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်မှာ ဒီလောက်တောင်မှ ကိုယ် ဒီလိုမျိုး တက်လာပြီဆိုပြီးတော့ ကိုယ် လုပ်ပေးရတော့မယ်ပေါ့နော်။ အလုပ်တစ်ခုကို စပြီးသွားရင် တန်းလန်းမှာ ထားခဲ့ရတာကို ဖူး မကြိုက်ဘူး။ အဲတော့ လုပ်မယ့်လုပ်တော့ အကောင်းဆုံးလုပ်မယ်ဆိုတဲ့စိတ်နဲ့ ဖူးရှေ့ဆက်တယ်။ ပြီးတော့ မိသားစုအတွက်လည်း ဘာပဲပြောပြော ဆုရခဲ့ရင်ဆိုတဲ့ ရည်ရွယ်ချက်လေး ရှိလာတယ်။

လှတယ် မလှဘူးဆိုတာထက် ဘယ်လိုပြောမလဲ အဲဒီတုန်းကတော့ ကိုယ့်ကိုယ်ကို ထင်ခဲ့တာတော့ နည်းနည်း ချစ်မွှေး ရှိတာပေါ့။ ပရိသတ်တွေက ကိုယ့်ကို ချစ်တာပေါ့နော်။ ပြီးတော့ သီချင်းဆိုတော့လည်းပဲ ဘယ်လိုပြောမလဲ အရမ်းကြီးတော့ မဆိုးဝါးဘူးလို့တော့ ထင်ခဲ့တာပဲ။ သူတို့ ဖူးကို သီချင်းဆိုတာကောင်းလို့လည်း ဖြစ်ရင်ဖြစ်မယ်။ လူတစ်ယောက်နဲ့တစ်ယောက်ကတော့ အကြိုက်ချင်း မတူကြဘူးလေ။ တချို့ကလည်း ဖူးကို ချစ်စရာကောင်းတယ် ချစ်ဖို့ကောင်းတယ် အဲလိုမျိုးကြောင့်လည်း ကြိုက်တာလည်း ဖြစ်ရင်ဖြစ်မယ်။ တစ်ချို့ကျတော့လည်း အသံပဲကြိုက်တာလည်း ပါတာပေါ့နော်။ ဘေလီဆိုတာ ရုပ်မချောပါဘူး အသံပဲကြိုက်တာဆိုတဲ့သူလည်း ရှိမှာပဲ။ တစ်ချို့လည်း နှစ်ခုစလုံး ဖြစ်ရင်လည်း ဖြစ်မှာပဲပေ့ါနော်။ ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်း မတူတာဖြစ်တဲ့အတွက် ဖူးလည်း မပြောတတ်ဘူး။

တစ်ခုခု အခက်အခဲဖြစ်တိုင်း ပြန်ပြီး ကြားယောင်မိတာကတော့ ဖေဖေနဲ့ မေမေရဲ့ စကားပေါ့။ အထူးသဖြင့် အဖေက ပိုသင်ပေးတယ်။ သမီးလေး သည်းခံပေါ့နော်။ ငယ်ငယ်လေးကတည်းက ဖေဖေက အဲဒီစကားကို ပြောနေကျ။ သည်းခံပါသမီး ဘာပဲပြောပြော သည်းခံခြင်းက အောင်နိုင်ခြင်းပဲတဲ့။ အဲဒီအတွက်ကြောင့် ဖူး သည်းခံတယ်။ ဖူးကိုပြောတဲ့သူအားလုံးကိုလည်းပဲ ဘာပဲပြောပြော ဘုရားသခင်ကောင်းချီးပေးမှာပါ သူတို့ကို။ ဖူးစိတ်ထဲမှာ ဘာမှတော့ မရှိဘူး။ တကယ်လည်းမရှိဘူး။ သူတို့ ဖူးကိုပြောတယ် ကောင်းတာပြောတဲ့သူရှိသလို ဆိုးတာပြောတဲ့သူလည်းရှိတယ်။ ဆိုးတာပြောတယ်ဆိုရင်လည်း ဖူး ပြင်ဖို့ အများကြီးရှိသေးတယ်ပေါ့နော်။ သူတို့ပြောနေတာတွေအားလုံးသည် ဖူး ပြင်ဖို့လိုတာ အများကြီး ရှိသေးလို့ပေါ့နော်။

ဖူးက အမြဲတမ်း သူများထက် ထိပ်ဆုံးမှာ ဖူးရှိချင်တယ်။ ဒုတိယရရင်လည်း ဖူးရဲ့ဘဝမှာက အရှုံးသမားပဲ အဲလိုမျိုး ခံယူထားတယ်။ ဖူးက ပထမပဲ ရချင်တာ။ ဖူး ကျောင်းမှာတုန်းကလည်း အကောင်းဆုံးကို လုပ်ခဲ့တယ်။ ပြီးတော့ ဖူး နေ့စဉ်နေ့တိုင်းမှာ Plan တွေရှိတယ်။ ဘယ်နေ့ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာမျိုး ရှိတယ်။ ဒါပေမယ့် ဖူး ကျောင်းပြီးသွားတော့လည်း ဘယ်လိုအချိန်မှာ ဘယ်လိုဖြစ်ပြီးတော့မှ ဘယ်လိုမျိုးအလုပ်တွေလုပ်မယ် ဘယ်အချိန်ကျရင်တော့ ဘယ်သူတွေကို ဘာလုပ်ပေးမယ် အဲလိုမျိုး Plan တွေ အကုန်ချထားပြီးသား။ အခုမှ လုပ်ထားပြီးတော့ ကြားထဲမှာ အဲလိုမျိုးကြီး အနုပညာလမ်းကြောင်းအပေါ်မှာ ဖူးဝင်လာတဲ့အခါကျတော့ အဲဒီ Plan တွေက ခဏပျောက်သွားသလို ဖြစ်သွားတယ်။ ပြီးတော့ ဒီလိုပြောင်းလဲလာတဲ့အခါကျတော့ ဖူးမှာ ပန်းတိုင်တွေလည်း ဘယ်နေ့ဘယ်အချိန်မှာ ဘာလုပ်မယ် ဘာဖြစ်မယ်ဆိုတာကိုလည်း ကိုယ့်ဘာသာကိုယ် Plan ထားလို့ မရတော့ဘူး။ ဘာပဲပြောပြော အလုပ်တစ်ခုကို ကိုယ်ဒီအသက်အရွယ်မှာ အသစ်ပြန်စလိုက်ရသလို ဖြစ်သွားတာပေါ့နော်။

အရင် ဘီလီသာ ပြန်ဖြစ်ခဲ့မယ်ဆိုရင်လည်း ဖူး ကြိုက်ပါတယ်။ အခု ဘီလီကိုလည်း ကြိုက်တယ်။ ဒါပေမယ့် ဘယ်လိုပြောမလဲဆိုတော့ ဖူးရဲ့ စိတ်ထဲ အသွေးအသားထဲမှာတော့ ဒီအနုပညာလုပ်ငန်းရော ဆရာမလုပ်ရတာကိုလည်း ဖူးက တစ်စိတ်တစ်ပိုင်းအားဖြင့် ကြိုက်တဲ့အတွက်ကြောင့် နောက်ပိုင်းမှာလည်း ဖူး ဆရာမဆိုတဲ့အလုပ်ကိုလည်း ကိုယ်တိုင် မလုပ်ဖြစ်ခဲ့ရင်တောင်မှ ကိုယ်ပိုင်ကျောင်းလေးဖြစ်ဖြစ် မဟုတ်ရင်လည်းပဲ ကလေးတွေကို ပညာရေးနဲ့ ပတ်သက်ပြီးတော့ တစ်ခုခု လုပ်ပေးဖို့တော့ အစီအစဉ်ရှိတယ်ပေါ့နော်။ ဦးနှောက်ထဲမှာတော့ အဲဒါကို မြဲတမ်း တွေးနေတယ်။

စိန်ခေါ်မှုတွေကတော့ အများကြီးပဲပေါ့နော်။ အခုဆိုရင် အနုပညာလမ်းကြောင်းထဲကို ရောက်နေတဲ့အတွက် ပိုများတာပေါ့နော်။ သီချင်းခွေတစ်ခွေဆိုတာကလည်း နေ့ချင်းညချင်း ဖြစ်နိုင်တာမဟုတ်ဘူးလေ။ ကိုယ့်ကို ပရိသတ်တွေ မေ့သွားမှာလည်း ဖူးကြောက်တယ်။ ဘာပဲပြောပြော ကျေးဇူးတင်တယ်လို့ ပြောချင်တယ်။ အဲဒီထက် ပိုတဲ့စကားလုံးရှိရင်လည်း သုံးချင်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရှိနေလို့ အခု ဘီလီလမင်းအေးဆိုပြီး နေရာတစ်နေရာ ရနေတာပေါ့နော်။ သူတို့သာမရှိရင် ဘီလီလမင်းအေးဆိုတာလည်း ဖြစ်လာမှာမဟုတ်ဘူး။ သူတို့ကို ကျေးဇူးတင်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly