ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၉၄ ဦးလွတ်မြောက်

ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၉၄ ဦးလွတ်မြောက်
ဓါတ်ပုံ - ပြည်ချစ်/RiA

စစ်တွေ၊ မေ ၂၄ ရက်။           ။  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာ ရခိုင်ပြည်ရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၉၄ ဦး တို့မှာ မေလ ၂၄ ရက်နေ့ နံနက်ပိုင်းက အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာကြကြောင်း သိရသည်။

“ကျွန်တော်က ပုဒ်မ ၁၇(၁) နဲ့ အကျဉ်းကျခံခဲ့ရတာပါ။ ပြစ်ဒဏ်ကတော့ သုံးနှစ်ဖြစ်ပါတယ်။ အခုပြန်လွတ်လာပြီဆိုတော့ လည်း ပျော်တာပေါ့။ နောက်ထပ်လည်း အမျိုးသားရေးအတွက် ဆက်ပြီးတော့လုပ်ဖြစ်မှာပါ ” ဟု စစ်တွေထောင်မှ လွတ်မြောက်လာခဲ့သည့် ကိုအောင်သန်းနိုင်က ပြောသည်။

ယင်းသို့လွတ်မြောက်လာကြသူများမှာ စစ်တွေအကျဉ်းထောင်မှ နိုင်ငံသား ၂၁ ဦးနှင့် နိုင်ငံခြားသား ၁၉ ဦး၊ ဘူးသီးတောင်အကျဉ်းထောင်မှ နိုင်ငံသား ၁ ဦးနှင့်နိုင်ငံခြားသား ၄ ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ နိုင်ငံသား ၂၄ ဦး၊ သံတွဲအကျဉ်းထောင်မှ နိုင်ငံသား ၁၆ ဦးနှင့် နိုင်ငံခြားသား ၉ ဦးတို့ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအား ကြိုဆိုဂုဏ်ပြုသော အားဖြင့် နိုင်ငံတော်သမ္မတမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည့် တစ်နိုင်ငံလုံးမှ အကျဉ်းသားများမှာ နိုင်ငံသား ၁၈၆ ဦးနှင့် နိုင်ငံခြားသား ၇၃ ဦးတို့ကို မေလ ၂၃ ရက်နေ့ရက်စွဲဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required