မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြေလည်အောင် ကြားဝင်စေ့စပ်ခြင်းဖြင့် ကူညီမည်ဟု တရုတ်ဆို

မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြေလည်အောင် ကြားဝင်စေ့စပ်ခြင်းဖြင့် ကူညီမည်ဟု တရုတ်ဆို
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
 

မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဒုတိယမြောက် ငြိမ်းချမ်းရေး ညီလာခံအစည်းအဝေးကို မေလ ၂၄ ရက်တွင် စတင်ကျင်းပနေခဲ့ပြီ ဖြစ်သည်။ လက်ရှိ အနေအထားအရ   မြန်မာ၏ ပြည်တွင်း ပဋိပက္ခများကို တရုတ်တို့ ကူညီစေ့စပ်ညှိနှိုင်းပေးနိုင်ကြောင်းလည်း ပညာရှင်များက သုံးသပ်ပြောကြားထားသည်။

၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးမှာ အကြိမ်ပေါင်းများစွာ ရွှေ့ဆိုင်းခဲ့ရမှုများ ရှိခဲ့ပြီး နှောင့်နှေးကြန့်ကြာခဲ့ရသည်။

မေလ ၂၂ ရက်တွင် မြန်မာ၏ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်၏ အာရှဒေသရေးရာ အထူးသံတမန် Sun Guoxiang ကို နေပြည်တော်တွင် လက်ခံတွေ့ဆုံခဲ့ပြီး နိုင်ငံ၏ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် အမျိုးသားရင်ကြားစေ့ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

"တရုတ်ရဲ့ အခန်းကဏ္ဍက အရေးပါပါတယ်။ ပြီးတော့ တစ်ခြားနိုင်ငံအပေါ် နှောက်ယှက်စွက်ဖက်လိုစိတ်ကင်းမှုအပေါ် အခြေခံပါတယ်။ ဒါကိုလည်း မြန်မာအစိုးရရော၊ တိုင်းရင်းသား လက်နက်ကိုင်တွေကပါ လက်ခံကြိုဆိုထားပါတယ်" ဟု တရုတ်နိုင်ငံခြားရေးရာ တက္ကသိုလ်၏ အာရှ-ပစိဖိတ် ရေးရာ သုတေသန စင်တာမှ ဒါရိုက်တာ Su Hao က Global Times ကို ပြောသည်။

"မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား မတူညီကွဲပြားချက်တွေကို အချိန်တိုအတွင်း ကျေလည်အောင် ညှိနှိုင်းဖို့ ခက်ပါတယ်။ ဒါပေမယ့်လည်း ဒီလို
ဆွေးနွေးညှိနှိုင်းမှုတွေအဆင်ပြေအောင်လို့ တရုတ်ဘက်က ကြားခံပလက်ဖောင်းတစ်ခု တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ကိုတော့ မြန်မာပြည်သူတွေကပဲ လုပ်ကြရမှာ ဖြစ်ပါတယ်" ဟု Su Hao က ထပ်လောင်းပြောဆိုသွားသည်။

အွန်လိုင်းသတင်းဂျာနယ် ဧရာဝတီ၏ ဖော်ပြချက်တစ်ခုတွင်လည်း "မြန်မာစစ်တပ်က ခွင့်ပြုပေးလိုက်ပြီးနောက် နိုင်ငံအရှေ့မြောက်ဒေသက လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ခုနစ်ဖွဲ့ ငြိမ်းချမ်းရေး ညီလာခံတက်ဖို့ တရုတ်ရဲ့ ယူနန်ပြည်နယ် ကူမင်းမြို့ကနေတဆင့် နေပြည်တော်ကို လေယာဉ်နဲ့ ထွက်ခွာခဲ့ပြီ ဖြစ်တယ်" ဟု ဖော်ပြပါရှိထားသည်။

UWSA ဝအဖွဲ့ ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ကော်မတီ FPNCC ဥက္ကဌ ဦးပေါက်ယူချန်းကလည်း ၎င်းတို့အနေဖြင့် တရုတ်အစိုးရ၏ Belt and Road စီမံကိန်းတွင် ပါဝင်လိုကြောင်း ဝပြည်နယ်၏ သတင်းအချက်အလက်ထုတ်ပြန်ရေး ဗျူရို၏ Sina ဘလော့မှတဆင့် ပြောကြားထားသည်။

"ကြီးကျယ်တဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့အတူ တရုတ်အစိုးရရဲ့ တိုက်တွန်းမှုကြောင့် တကယ်လို့ ဖိတ်ကြားခံရမယ်ဆိုရင် ကျွန်တော်တို့ FPNCC အနေနဲ့ ၂၁ ရာစု ပင်လုံညီလာခံကို တက်ဖို့ ဆန္ဒရှိပါတယ်" ဟု ၎င်းက ပြောဆိုထားခဲ့သည်ဟု သိရသည်။

"ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာတော့ အဓိက ခေါင်းစဉ်ငါးခုအပေါ်မှာပဲ အလေးထား ပါလိမ့်မယ်၊ အဲဒါတွေကတော့ နိုင်ငံရေး၊ လုံခြုံရေး၊ လူ့အဖွဲ့အစည်း၊ စီးပွားရေး နဲ့ သဘာဝသယံဇာတတွေ စီမံခန့်ခွဲမှု တို့ ဖြစ်ပါတယ်၊ ကြုံတွေ့လာနိုင်တဲ့ စိန်ခေါ်မှုကတော့ ဒီခေါင်းစဉ်ငါးခုနဲ့ပတ်သက်လို့ ညီလာခံပါဝင်တက်ရောက်လာသူတွေရဲ့ အကျိုးအမြတ်ကို ညှိနှိုင်းရတဲ့အပိုင်းပဲဖြစ်ပါတယ်" ဟု မြန်မာ့အရေးကျွမ်းကျင်သူ Liu Yun က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required