ငြိမ်းချမ်းရေး ဆွေးနွေးပွဲလာရင် ဓါးတွေကို တဲပြင်မှာထားခဲ့လို့ USDP ဥက္ကဋ္ဌပြော

ငြိမ်းချမ်းရေး ဆွေးနွေးပွဲလာရင် ဓါးတွေကို တဲပြင်မှာထားခဲ့လို့ USDP ဥက္ကဋ္ဌပြော
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)/မဇ္ဈိမ
 

“ကျွန်ုပ်နဲ့ စကားပြောချင်တယ်ဆိုရင် တဲထဲကို ဝင်လာနိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ ဓါးတွေကိုတော့ တဲပြင်မှာ ထားခဲ့ပါ” ဟူသည့် ဥပမာကို ကိုးကားလျက် ငြိမ်ချမ်းရေးဆွေးနွေးလိုပါက ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ထားသင့်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောဆိုလိုက်ပါတယ်။

ဇွန်လ ၂၄ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ နှုတ်ခွန်းဆက်စကားမှာ ထည့်ပြောသွားတာပါ။ “ကျွန်ုပ်နဲ့ စကားပြောချင်တယ်ဆိုရင် တဲထဲကို ဝင်လာနိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ ဓါးတွေကိုတော့ တဲပြင်မှာ ထားခဲ့ပါ ဆိုတဲ့ စကား ဥပမာလိုပါဘဲ ငြိမ်းချမ်းရေးစကား ပြောကြမယ်ဆိုရင်တော့ တိုက်ရင်းခိုက်ရင်း ပြောဖို့ရာ သဘာဝ မကျတဲ့အတွက် နှစ်ဘက် တိုက်ခိုက်မှုများ ဦးစွာ ရပ်ဆိုင်းလိုက်ဖို့ဟာ မလွဲမသွေ လုပ်ရမယ့် လိုအပ်ချက် တစ်ခု ဖြစ်ပါတယ်” လို့ ဦးသန်းဋ္ဌေးက ဆိုပါတယ်။

အလားတူ ၂၀၁၆ ခုနှစ်အတွင်း ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ဆွေးနွေးခဲ့တဲ့ ဆွေးနွေးချက်တွေဟာလည်း စည်းလုံးညီညွတ်မှုကို ဆန့်ကျင်တဲ့ အချက်များ ပါဝင်နေတဲ့အတွက် ရတက်မအေး ဖြစ်ရတယ်လို့လည်း သူက ဆိုပါတယ်။

၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ကျင်းပခဲ့တဲ့ ပင်လုံညီလာခံမှာ အဖွဲ့အစည်း အသီးသီးရဲ့ လွတ်လွတ်လပ်လပ် တင်ပြခဲ့တဲ့ အချက်တချို့ဖြစ်တဲ့ “နိုင်ငံတော် အမည်ပြောင်းလဲရေး အပါအဝင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် အလှည့်ကျ ဆောင်ရွက်ခွင့်၊ ပြည်နယ်သစ် တောင်းဆိုမှုများ၊ ခွဲထွက်ခွင့်ပါသော ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်” စတဲ့ အချက်တွေဟာ “စည်းလုံး ညီညွတ်မှုနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ တောင်းဆိုမှုများ” လို့ ဦးသန်းဋ္ဌေးက ဆိုပြီး “ ပြည်ထောင်စု နောင်ရေးအတွက် ရတက်မအေး ဖြစ်ခဲ့ရပါတယ်” လို့လည်း သူက ဆိုထားပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးက ရေးဆွဲမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေများဟာ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီသာ ဖြစ်သင့်တယ်လို့ ဆိုပါတယ် “ကွဲလွဲခွင့်၊ ကျော်လွန်ခွင့် မရှိပါ” လို့ ဦးသန်းဌေးက ပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအနေဖြင့် အမျိုးသားရင်ကြားစေ့ရေးနှင့် တိုင်းရင်းသာ းစည်းလုံးညီညွတ်မှု တည်ဆောက်ရေးဟု အလေးအနက်ယုံကြည်ကြောင်း  ၊ ပြည်ထောင်စုအားကို   တည်ဆောက်ချိန်မှာ ခွဲထွက်ဖို့ မသင့်တဲ့အကြောင်းလည်း ပြောခဲ့ပါတယ်။

ဒီနေ့ စတင်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို နေပြည်တော် MICC 2 မှာ ပြုလုပ်တာဖြစ်ပြီး ဇွန်လ ၂၈ ရက်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ ဒီကနေ့ ညီလာခံကိုတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ဒုသမ္မတများဖြစ်တဲ့ ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူ၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လွှတ်တော် ဥက္ကဋ္ဌများဖြစ်တဲ့ ဦးဝင်းမြင့်၊ မန်းဝင်းခိုင်သန်း၊ KNU ဥက္ကဋ္ဌ မူတူးဆေးဖိုးတို့ တက်ရောက်ခဲ့ကြပြီး နှုတ်ခွန်းဆက်စကား အသီးသီး ပြောခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required