အကြမ်းဖက်မှုကို သြဘာပေးနေသည့် အရပ်ဒေသ၌ ငြိမ်းချမ်းရေး အမြစ်မတွယ်နိုင်ဟု ထရမ့်ပြော

အကြမ်းဖက်မှုကို သြဘာပေးနေသည့် အရပ်ဒေသ၌ ငြိမ်းချမ်းရေး အမြစ်မတွယ်နိုင်ဟု ထရမ့်ပြော

ဘတ်လီဟမ်၊ မေ ၂၄ ။              ။ အနောက်ဖက်ကမ်းခြေဒေသ ဘတ်လီဟမ်မြို့တွင် ပါလက်စတိုင်းခေါင်းဆောင်နှင့် မေ ၂၃၃ ရက်တွင် တွေ့ဆုံသည့် သတင်းစာရှင်းလင်းပွဲ၌ အမေရိကန်သမ္မတ   ဒေါ်နယ်ထရမ့်က အကြမ်းဖက်မှုအပေါ် ကောင်းချီးသြဘာပေးနေသည့် အရပ်ဒေသ၌ ငြိမ်းချမ်းရေး မထွန်းတောက်နိုင်ကြောင်း ပြောလိုက်သည်။

“အကြမ်းဖက်မှုကို သည်းခံတဲ့၊ ရန်ပုံငွေထောက်ပံ့နေတဲ့ ပြီးတော့ သြဘာကောင်းချီးတောင် ပေးနေတဲ့ ပတ်ဝန်းကျင်မှာ ငြိမ်းချမ်းရေးက အမြစ်မတွယ်နိုင်ဘူး။”ဟု ဒေါ်နယ်ထရမ့်က ပြောခြင်းဖြစ်သည်။ ထရမ့်၏ ယခုပြောဆိုချက်သည် အစ္စရေးကို တိုက်ခိုက်မှုကြောင့် ထောင်ကျနေသည့် ပါလက်စတိုင်းများကို ထောက်ခံနေသော ပါလက်စတိုင်းအမျိုးသားအာဏာပိုင်အဖွဲ့အား ဝေဖန်လိုက်ဟန်လည်းရှိသည်။

သို့သော် ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အဘတ်စ်က အစွန်းရောက်အကြမ်းဖက်ဝါဒအား တိုက်ပွဲဝင်ရာတွင် လိုအပ်သောလုပ်ငန်းစဉ်များအား ဖော်ဆောင်သွားမည်ဟု ကတိပေးထားကြောင်း ထရမ့်က ဆိုသည်။

မေးခွန်းမေးမြန်းကြခြင်းမရှိသော အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အင်္ဂလန်က မန်ချက်စတာမြို့တွင် ဖြစ်ပွားသော လူ ၂၂ ဦး သေဆုံးသည့် အသေခံဗုံးခွဲမှုကိုလည်း ခေါင်းဆောင်နှစ်ဦးက ရည်ညွန်းပြောဆိုသည်။

“များစွာသော လူငယ်၊ အရွယ်ကောင်း အပြစ်မဲ့သူတွေဟာ ယုတ်ညံ့တဲ့ သတ်ဖြတ်မှုတွေကို ခံနေရတယ်။ အပြစ်မဲ့သူတွေကို သတ်ဖြတ်ကြသူတွေကို ကျွန်တော်တို့ ရေရှည်သည်းမခံနိုင်ဘူ။ အစွန်းရောက်တွေ၊ အကြမ်းဖက်တွေနဲ့ ၎င်းတို့ကို ထောက်ပံ့နေသူကို ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းက ထာဝရ မောင်းထုတ်ပစ်ရမယ်။”ဟု ထရမ့်က ပြောသည်။

မာမွတ်အဘတ်စ်က ဧည့်သည်တော် ထရမ့်ကို ကြိုဆိုပြီး ငြိမ်းချမ်းရေးအားထုတ်မှုအတွက် ကျေးဇူးတင်ကာ “ဘာသာရေးကြားမှာ ပဋိပက္ခတွေ မရှိပါ။”ဟု အတည်ပြုပြောသည်။

“ပါလက်စတိုင်းရဲ့ အရင်းခံပြဿနာဟာ နယ်မြေကျူးကျော်ခံရတာ၊ အခြေစိုက်အိမ်ရာတွေ တည်ဆောက်တာနဲ့ အစ္စရေးက ပါလက်စတိုင်းကို အသိအမှတ်မပြုတာတွေပါ။”ဟု အဘတ်စ်က  ဆိုပြီး ၎င်းအနေဖြင့် ပါလက်စတိုင်းမြို့တော် အရှေ့ဂျေရုဆလင် သတ်မှတ်ခြင်းနှင့်အတူ ၁၉၆၇ ခုနှစ်က နယ်စပ်အတိုင်း နှစ်နိုင်ငံတည်ရှိမှုကို လက်ခံကြောင်း အခိုင်အမာ ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required