ဘရာဇီးတွင် အစိုးရအဖွဲ့၏ အဂတိလိုက်စားမှုကို ဆန့်ကျင်သည့်အနေဖြင့် လွှတ်တော်ရှေ့ အနီရောင်မျက်နှာဖုံးများ စိုက်ထူ

ဘရာဇီးတွင် အစိုးရအဖွဲ့၏ အဂတိလိုက်စားမှုကို ဆန့်ကျင်သည့်အနေဖြင့် လွှတ်တော်ရှေ့ အနီရောင်မျက်နှာဖုံးများ စိုက်ထူ

မေ ၂၄ ။                 ။ သမ္မတ မိုက်ကယ်တီမာ ဦးဆောင်သည့် အစိုးရအဖွဲ့၏ အဂတိလိုက်စားမှုကို ဆန့်ကျင်ရှုတ်ချလိုသည့်အနေဖြင့် NGOအဖွဲ့တစ်ခုက လွှတ်တော်အဆောက်အအုံရှေ့ မြက်ခင်းပြင်၌ အနီရောင် မျက်နှာဖုံးစွပ်များ အစီအရီ စိုက်ထူခဲ့ကြသည်။

ယခုအခါ ယင်းနိုင်ငံ၌ အကျင့်ပျက်ခြစားမှုများတွင် အစိုးရအဖွဲ့၏ ပါဝင်ပတ်သက်ခဲ့မှုများ ဗူးပေါ်သလို ကွက်ကွက်ကွင်းကွင်း ဖုံးမရဖိမရ ပေါ်ထွက်လာနေပြီး ပြီးခဲ့သည့် သီတင်းပတ်ကတည်းက အခြေအနေများမှာ တင်းမာမှုများ ရှိနေခဲ့သည်။

သမ္မတ မိုက်ကယ်တီမာ လာဘ်ပေးမှုတစ်ခုကို မီးစိမ်းပြ ခွင့်ပြုခဲ့ပုံရသည့် အထောက်အထားများ ပါဝင်သော အသံဖိုင်တစ်ခု ပြီးခဲ့သည့် သီတင်းပတ်က လူသိရှင်ကြား ထွက်ပေါ်ထားခဲ့ခြင်း ဖြစ်သည်။

" ဘရာဇီးနိုင်ငံရေးသမားတစ်ယောက်အနေနဲ့ သူ (မိုက်ကယ်တီမာ) ဟာ ခုဆိုရင် အရှက်မရှိတဲ့မျက်နှာနဲ့ ဖြစ်နေပါပြီ" ယင်း မျက်နှာဖုံးစွပ်များကို စိုက်ထူခဲ့သူတစ်ဦးက ပြောသည်။

" ခုကျွန်တော်တု့ိပြည်သူတွေ ကြုံတွေ့နေရတာက ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးသမားတွေဟာ ခြစားမှုနဲ့ စွဲချက်တင်ခံရတဲ့အချိန်ရောက်လာရင် သူတို့ဟာ ရှက်ရကောင်းမှန်းတောင် မသိကြတော့တာပါပဲ၊ ဒါကြောင့် ဒီလိုမျက်နှာဖုံးတွေကို ကျွန်တော်တို့ ထုတ်ဖော်ပြသချင်တာပါ" လို့ ယခု အစီအစဉ်ကို လုပ်ဆောင်ခဲ့သည့် Rio De PaZ  NGO အဖွဲ့ တည်ထောင်သူ  Antonio Carlos Costa က ပြောသည်။

အဆိုပါ မြက်ခင်းပြင်တွင် တုတ်ချောင်းရှည်များဖြင့် တွယ်ကာ အတန်းလိုက်စိုက်ထူးထားသော မျက်နှာဖုံးစွပ် စုစုပေါင်း ၅၉၅ ခု ရှိပြီး ယင်းတို့အများစုမှာ ခြစားမှုတွင် ပါဝင်ပတ်သက်ထားသော အစိုးရအမှုထမ်းများနှင့် လွှတ်တော်အမတ်များကို ကိုယ်စားပြု ချိတ်ဆွဲထားခြင်း ဖြစ်သည်ဟု သိရသည်။ ယင်းမျက်နှာဖုံးစွပ်များအနက် အနီရောင်ခြယ်မထားသည့် မျက်နှာဖုံးစွပ် ၉၅ ခုရှိပြီး ယင်းတို့မှာ ခြစားမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိသူ အစိုးရအမှုထမ်းများကို ရည်ညွှန်းသည်ဟု သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required