Top Gun 2 တွင် ပါ၀င်သရုပ်ဆောင်မည်ဟု တွမ်ခရုစ်အတည်ပြု

Top Gun 2 တွင် ပါ၀င်သရုပ်ဆောင်မည်ဟု တွမ်ခရုစ်အတည်ပြု

အမေရိကန်မင်းသား တွမ်ခရုစ်သည် ၁၉၈၆ ခုနှစ်ကထွက်ရှိခဲ့သော သူ၏ နာမည်ကျော်စစ်ကား Top Gun ၏ နောက်ဆက်တွဲရုပ်ရှင်ကို မကြာမီတွင် မလွဲမသွေရိုက်ကူးတော့မည် ဖြစ်ကြောင်း အင်တာဗျူးတစ်ခု၌ ပြောခဲ့ သည်။

လက်ရှိတွင် သူ၏ဇာတ်ကားသစ် The Mummy အတွက် ပရိုမိုးရှင်းများ ပြုလုပ်နေသော တွမ်ခရုစ်ကို ဗုဒ္ဓဟူးနေ့ တွင် ထုတ်လွှင့်ခဲ့သော သြစတြေးလျနိုင်ငံ၏ မနက်ခင်းရုပ်သံအစီအစဉ် Sunrise နှင့် အင်တာဗျူးတွင် Top Gun 2 ရိုက်ကူးတော့မည်ဆိုသော ကောလဟာလများမှာ မှန်ကန်ခြင်းရှိမရှိကို မေးမြန်းခဲ့သည်။

“ဟုတ်ကဲ့ အဲ့ဒါအမှန်ပါပဲ။ ကျနော် လာမည့်နှစ်လောက်ကျရင် အဲ့ဒီဇာတ်ကားအတွက် ရိုက်ကူးရေးများကို စတင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ မလွဲမသွေကို ဖြစ်လာတော့မှာပါ” ဟု ပြုံးရယ်လျက် ဖြေကြား ခဲ့သည်။

Top Gun ရုပ်ရှင်တွင် တွမ်ခရုစ်သည် အမေရိကန် အထူးစစ်သင်တန်းကျောင်းမှ ထိပ်သီးကျောင်းသားတစ်ဦး ဖြစ်သည့် တိုက်လေယာဉ်မှူး မေဗာရစ်ခ်မစ်ချယ်နေရာမှ သရုပ်ဆောင်ခဲ့ပြီး သူ၏ခါးသီးသော ပြိုင်ဘက် လေယာဉ်မှူးအဖြစ် ဗယ်လ်ကယ်လ်မာက ပါဝင်သရုပ်ဆောင်ခဲ့သည်။

တွမ်ခရုစ်အား ကမ္ဘာတစ်ဝှမ်းနာမည်ကျော်ကြားသော သရုပ်ဆောင်ကြယ်ပွင့်အဖြစ် လူသိများစေခဲ့သည့် အဆိုပါဇာတ်ကားကို Paramount ရုပ်ရှင်စတူဒီယိုမှ ထုတ်လုပ်ခဲ့ပြီး ထိုအချိန်က ရုံဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၅၀ခန့် ရရှိခဲ့သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags