ဖိလစ်ပိုင်တောင်ပိုင်း၌ မာရှယ်လောထုတ်ပြန်ကြောင်း ဒူတာတေး ကြေညာချက်ထုတ်

ဖိလစ်ပိုင်တောင်ပိုင်း၌ မာရှယ်လောထုတ်ပြန်ကြောင်း ဒူတာတေး ကြေညာချက်ထုတ်

မနီလာ မေ ၂၄ ။              ။ နိုင်ငံ၏အရေးပါသော မြို့ထဲ၌ လုံခြုံရေးတပ်ဖွဲ့များနှင့် အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့နှင့် ဆက်စပ်နေ သော စစ်သွေးကြွများကြား တိုက်ပွဲများဖြစ်ပွားခဲ့အပြီးတွင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတစ်လျှောက် မာရှယ်လော ထုတ်ပြန်ကြောင်း သမ္မတရိုဒရီဂိုဒူတာတေးက အင်္ဂါနေ့တွင် တရားဝင်ကြေညာချက်ထုတ်ခဲ့သည်။

ဒူတာတေးသည် ရုရှားသို့ တရားဝင်အလည်အပတ်ဖြင့် ရောက်ရှိနေပြီး ထိုကြေညာချက်ကို မော်စကို၌ ပြုလုပ်ခဲ့ သော သတင်းစာရှင်းလင်းပွဲ၌ သူ၏ပြောရေးဆိုခွင့်ရှိသူက ကြေညာခဲ့ခြင်းဖြစ်သည်။

လူပေါင်း သန်း၂၀ခန့်နေထိုင်ကာ နိုင်ငံ၏သုံးပုံတစ်ပုံရှိသော တောင်ပိုင်းဒေသ မင်ဒါနာအိုကျွန်း၌ မာရှယ်လော အမိန့်ကို ဒူတာတေးက ထုတ်ပြန်လိုက်ကြောင်း သူ၏ပြောရေးဆိုခွင့်ရှိသူ အာနက်စတိုအေဘယ်လာက နိုင်ငံ တစ်ဝှမ်းထုတ်လွှင့်သော ရုပ်သံမှတဆင့် အကျဉ်းချုံးပြောကြားခဲ့သည်။  

ထိုအမိန့်ကို ရက်ပေါင်း ၆၀ ခန့်ထားရှိမှာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက အသုံးပြုခွင့်ပေးထားသော မာရှယ်လောနှင့်အညီ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သူက ပြောခဲ့သည်။

မာရှယ်လောထုတ်ပြန်ခြင်းကို ယခင်အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ် ဆယ်စုနှစ် ၂စုကြာခန့် အုပ်ချုပ်ခဲ့ချိန် ကာလတုန်းက မကြာခဏအသုံးပြုခဲ့သောကြောင့် ယင်းအမိန့်သည် ဖိလစ်ပိုင်နိုင်ငံ၌ အလွန်သတိထားရသော အမိန့်အာဏာတစ်ခုဖြစ်သည်။

ဒူတာတေးသည် အင်္ဂါနေ့အနှောင်းပိုင်းတုန်းက ရုရှားသမ္မတပူတင်နှင့် ကရင်မလင်နန်းတော်၌ ခဏတာတွေ့ဆုံ ခဲ့ပြီး တိုတောင်းလှသော ထိုတွေ့ဆုံမှုအတွက် ပြန်လည်ရှင်းလင်းခဲ့သည်။

“အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့နဲ့ ဆက်စပ်နေတဲ့အဖွဲ့တွေဟာ နိုင်ငံအတွင်းမှာရှိတဲ့ ခရိုင်ဒေသတွေကို သိမ်းပိုက်နေပြီး တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ စစ်ဆင်ရေးတွေကို လုပ်ဆောင်လျက်ရှိပါတယ်။ ဒါကြောင့် စိတ်မကောင်းစွာနဲ့ပဲ ကျနော်ပြန်ရပါတော့မယ်” ဟု ဒူတာတေးက တွေ့ဆုံဆွေးနွေးပွဲ၏ အစပိုင်းတွင် ပြောကြား ခဲ့သည်။

ဒါ့အပြင် “ကျနော်တို့ရဲ့ နိုင်ငံဟာ ခေတ်မှီလက်နက်တွေလိုအပ်ပါတယ်။ အိုင်အက်စ်တွေကို ဆန့်ကျင်တိုက်ခိုက် ဖို့ ကျနော်တို့ လက်နက်လိုအပ်ပါတယ်” ဟု ဒူတာတေးက ဆက်လက်ပြောကြာခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၏ မင်ဒါနာအိုကျွန်းပေါ်မှ လူပေါင်း ၂ သိန်းခန့်နေထိုင်သော မာရာဝီမြို့တွင် အင်္ဂါနေ့က လုံခြုံရေး တပ်ဖွဲ့များနှင့် IS တို့နှင့် ဆက်စပ်လျက်ရှိသော စစ်သွေးကြွများကြား တိုက်ပွဲများဖြစ်ပွားခဲ့အပြီးတွင် ယခုလို မာရှယ်လောထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

မာရဝီမြို့သည် ဖိလစ်ပိုင်နိုင်ငံ၏မြို့တော် မနီလာနှင့် မိုင် ၅၀၀ခန့် ကွာဝေးသော အရပ်တွင်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required