မြန်မာနိုင်ငံ အနှံ့အပြားရှိ ရေကြီးမှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများ

မြန်မာနိုင်ငံ အနှံ့အပြားရှိ ရေကြီးမှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများ
ဟားခါးမြို့ တစ်နေရာကို တွေ့ရစဉ်။ ဓါတ်ပုံ - MNA

ဟားခါးမြို့ အပေါ်ဘက်ရှိ ရုန်းတောင်မြေပြိုသဖြင့် လူပေါင်း နှစ်သောင်းကျော် ရွှေ့နေရ

ဟားခါးမြို့ အပေါ်ဘက်ရှိ ပေ ၇၀၀၀ ကျော်မြင့်သော ရုန်းတောင်သည် ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းမှစ၍ သြဂုတ် ၁ ရက် မနက် ၉ နာရီ အထိ မြေပြိုမှုများ ဆက်လက် ဖြစ်ပေါ်လျက်ရှိသည်။

မြေပြိုမှုကြောင့် အန္တရာယ်ရှိနိုင်သဖြင့် စုစုပေါင်း အိမ်ထောင်စု ၂၇၀၀ ခန့်၊ လူဦးရေ ၂၀၀,၀၀ ကျော်အား ရွှေ့ပြောင်းပေးနေရသည်ဟု သိရသည်။  

ဟားခါးမြို့ရှိ ဈေးဟောင်း ရပ်ကွက် မြို့ဟောင်းရပ်ကွက်၊ ပြည်တော်သာရပ်ကွက်၊ ဈေးသစ်ရပ်ကွက်နှင့် ကျောဘုတ်ရပ်ကွက်နေသူများ ဘေးလွတ်ရာ မြို့သစ်ရပ်ကွက်ရှိ အထက ၂ ခန်းမသို့ လည်းကောင်း၊ ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအား အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းသို့လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရုံး ပြည်နယ်/ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများအား ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ လည်းကောင်း၊ မြို့မကျောင်းရှိ ကျောင်းထိုင်ဘုန်းကြီးကျောင်းနှင့် သံဃာတော်များ၊ သီလရှင်များအား ဝန်ကြီးများ အိမ်ရာသို့လည်းကောင်း၊ ကျောဘုတ်ရပ်ကွက်နေ ပြည်သူများအား ဓမ္မတက္ကသိုလ်သို့ လည်းကောင်း အသီးသီးပြောင်းရွှေ့နေရာချထားရေး ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဌာနဆိုင်ရာရုံးများမှ အရေးကြီးစာရွက်စာတမ်းများကို ပြည်နယ်အစိုးရရုံးသစ်ရှိ ဝန်ကြီးများခန်းမသို့ ရွှေ့ပြောင်းခြင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံတွင်းရှိ ပစ္စည်းများရွှေ့ပြောင်းနိုင်ခြင်းမရှိဘဲ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံမှ ဝန်ထမ်း ၃ ဦးနှင့် ၎င်းတို့မိသားစုဝင်များ၊ ပုံနှိပ်ရုံးဟောင်းနှင့် ပြန်/သံရုံးဟောင်းတို့တွင် နေထိုင်ကြသည့် ရုံးဝန်ထမ်း ၆ ဦးနှင့် မိသားစုဝင်များကိုလည်း  ပြည်နယ်ပြန်/ဆက် ရုံးသို့ ရွှေ့ပြောင်းခြင်း ဆောင်ရွက်လျက်ရှိသည်။  

Source - ပြန်/ ဆက်

------------------------------------------------------------------------------------------------------------

ကလေးခရိုင် ရပ်ကွက် ၇ ခုနှင့် ကျေးရွာ ၂၅ ရွာ ရေများဝင်

စစ်ကိုင်းတိုင်းအတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်သာမြစ်နှင့် နေရဉ္ဇာမြစ်ရေ မြင့်တက်လာပြီး ဇူလိုင် ၃၁ ရက် ညနေတွင် ကလေး မြို့ပေါ် ရပ်ကွက် (၇) ခုနှင့် ကျေးရွာ(၂၅)ရွာသို့ ရေများဝင်ရောက်ခဲ့သည်။

ကလေးခရိုင်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရာဇဂြိုလ်ဆည်သည် လည်း ယမန်နေ့ ဇူလိုင် ၃၁ ညနေ(၃)နာရီခွဲအချိန်တွင် လက်ရှိရေအမှတ် ၆၅၃ ဒသမ ၂ ပေကို ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်မှာ ၆၅၅ ပေ ဖြစ်၍ ရေပိုလွှဲမှ ရေများလျှော့ချ ထုတ်လွှတ်ရာ ညနေ(၆)နာရီခန့်တွင် ဆည်ရေ(၂)ပေခန့် ကျသွားသည်။

ထို့ပြင် ကလေးမြို့နယ်အတွင်းရှိ နတ်တံတား (သံကူကွန်ကရစ်)၊ ဇီးချောင်း သံတံတား၊ ဆည်ကြီးသံတံတား၊ အောင်မြင်သာသစ်သားတံတားနှင့် နတ်မြောင်းချောင်း တံတားတို့မှာ ရေတိုက်စားပြီး ပျက်စီးခဲ့သည်။

ကလေးခရိုင်အတွင်းရှိ ရေဘေးသင့်ဒေသများသို့ အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းများဖြစ်သည့် မော်တော်ဘုတ်များ၊ အသက်ကယ်အင်္ကျီများ၊ စကားပြောစက် များနှင့် အသင့်စားခေါက်ဆွဲခြောက်ထုပ်၊ ငါးသေတ္တာဘူး၊ ရေသန့်ဘူးများနှင့် အဝတ်အထည်မျိုးစုံ၊ အခြားအသုံးအဆောင်ပစ္စည်းများနှင့် ဆေးဝါးများကို ရဟတ်ယာဉ် များဖြင့် ယာကြီး-ကလေးဝလမ်းပေါ်ရှိ ချမ်းအေးရွာအထိ ပို့ဆောင်ပေးလျက်ရှိပြီး ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားကြောင်း သိရသည်။

Source - ပြန်ဆက်

-------------------------------------------------------------------------------------------------------------ချင်းပြည်နယ် မင်းတပ်မြို့နယ် မိုးအဆက်မပြတ်ရွာသွန်း တံတား ၇ စင်းရေထဲမျော

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မင်းတပ်-ကန်ပက်လက်လမ်း ၃၁ မိုင် ၆ ဖာလုံရှိ ချီချောင်း သံဘောင်ဘေလီတံတား အလျား (၉၀) ပေ အကျယ် (၁၂)ပေ၊ ရှစ်ရွာ-တွီလီရွာကြားရှိ မုန်းချောင်း သံဘေလီ တံတား အလျား(၁၇၀)ပေ အကျယ်(၁၂)ပေ၊ ပန်းအော့ရွာ-လှိယောရွာကြားရှိ အမ်လောင်းချောင်းကြိုးတံတား အလျား (၁၈)ပေ အကျယ်(၄)ပေ၊ ကြာလေလှိုင်းရွာ-ဒုမ်ဒိုရွာကြားရှိ မရှိန်လောင်းချောင်းကြိုးတံတား အလျား(၈၀)ပေ အကျယ် (၄) ပေ၊ ချွတ်ရွာ-ဟီးလောင်းရွာကြားရှိ မလှေးလောင်း ကြိုးတံတား အလျား(၁၂)ပေ အကျယ်(၄)ပေ၊ ကြက်ဥတင်ရွာ-စံလယ်ကြီးရွာကြားရှိ ယောချောင်း ကြိုးတံတား အလျား (၃၅)ပေ အကျယ်(၄)ပေနှင့် ကန်ပက်လက်မြို့-ပူကွန်းရွာကြားရှိ ချီချောင်းကြိုးတံတား အလျား(၁၂၀)ပေ အကျယ်(၄)ပေ စုစုပေါင်း တံတား(၇)စင်း ရေထဲမျောပါခဲ့ကြောင်း သတင်းရရှိသည်။

Source - ပြန်/ဆက်

-------------------------------------------------------------------------------------------------------------

ပွင့်ဖြူမြို့နှင့် ကလေးမြို့သို့ ထောက်ပံ့

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သြဂုတ် ၁ ရက်၌ ပွင့်ဖြူမြို့သို့ ကျား/မ လုံချည်များ၊ မျက်နှာသုတ်ပုဝါများ၊ ဆပ်ပြာ (၁၄၅၄) အိမ်ထောင်စုအတွက်နှင့် အဝတ်ဟောင်းထုပ် ၈ ထုပ် ကို လည်းကောင်း၊ ကလေးမြို့သို့ ကျား/ မ လုံချည်များ၊ မျက်နှာသုတ်ပုဝါများ၊ အိမ်ထောင်စု ၁၀၀၀ အတွက် ဆပ်ပြာများ၊ တီရှပ် အထည် ၁၅၀၀၊ ခေါက်ဆွဲခြောက် (အထုပ်သေး) ၉၀၀၀၊ ၁ လီတာပါ ရေသန့်ဘူး ၃၀၀ နှင့် အဝတ်ဟောင်းထုပ် ၆ ထုပ်၊ ခြင်ထောင် ၁၅၀ လုံးတို့ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။

Source - သတင်းစဉ်

-------------------------------------------------------------------------------------------------------------

စစ်ထွေ၊ ကျောက်တော်၊ မြောက်ဦးနှင့် ကုဏ္ဏားကျွန်းမြို့များ လျှပ်စစ်ပြတ်တောက်နေ

ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာပြီး လေပြင်းများတိုက်ခတ်သဖြင့် ပုဏ္ဏားကျွန်းမြို့ရှိ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း ဓာတ်အားလိုင်း တာဝါတိုင်အမှတ် MP-96 သည် ဇူလိုင် ၃၀ တွင်လည်းကောင်း၊ အောင်ဖြူပင်ရွာ အနီးရှိ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း ဓာတ်အားလိုင်းတိုင်အမှတ် MP-60 နှင့် MP-61 တာဝါတိုင် ၂ တိုင်သည် ဇူလိုင် ၃၁ ရက်တွင်လည်းကောင်း ပြိုလဲပျက်စီးခဲ့သည်။

ထို့ကြောင့် စစ်ထွေ၊ ကျောက်တော်၊ မြောက်ဦးနှင့် ကုဏ္ဏားကျွန်းမြို့များ လျှပ်စစ်ပြတ်တောက်လျက်ရှိသည်။ ယခုအခါ တာဝါတိုင်အစားထိုးလုပ်ငန်းများဆောင်ရွက်နေပြီး စစ်ထွေမြို့အား အရေးပေါ်ဓာတ်အားပေးစက်များဖြင့် အချိန်ပိုင်း လျှပ်စစ်ဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

Source - သတင်းစဉ်

-------------------------------------------------------------------------------------------------------------

ဇူလိုင် ၂၉ နှင့် ၃၀ တွင် မိုးကြီးရေလျှံ တစ်ဦးသေပြီး ပျက်စီးမှုများရှိ

ဇူလိုင် ၂၉ နှင့် ၃၀ တို့တွင် မိုးကြီးပြီးလေပြင်းတိုက်ခတ်သဖြင့် မြို့ပေါ်နှင့် ကျေးရွာများ၌ ရေလျှံမှုများကြောင့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လူတစ်ဦး သေဆုံးပြီး ရေဘေးသင့်သူ ၁၂၇၆ ဦး ရှိကြောင်း သိရသည်။

သေဆုံးသူမှာ ရွှေဇားကပ္ပကျောင်းကျေးရွာအုပ်စု၊ အလယ်ရွာမှ ဟာနူ ဆိုသူဖြစ်ပြီး သစ်ပင်လဲကျမှုကြောင့်ဟုဆိုသည်။ နေအိမ် ရေမြုပ်/ပျက်စီး ၁၂၀ ကျော်ရှိပြီး စပါးခင်းများလည်း ရေလွှမ်းခဲ့ကြောင်း သိရသည်။

ရေဘေးသင့်သူများကို မောင်တောမြို့နယ်ရှိ မြို့မဘုန်းတော်ကြီးကျောင်းတွင် ၂၈၆ ဦး၊ ဗဟိုဘုန်းတော်ကြီးကျောင်းတွင် ၁၇၆ ဦး၊ အထက-မောင်တော ၄၆၇ ဦး၊ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းတွင် ၇၇ ဦး၊ ရွာသစ်ကေ (ဗလီ) တွင် ၂၇၀ ဦး အသီးသီးနေရာချထားသည်။

ထို့ပြင် မောင်တောမြို့သားငါးဈေးတန်းတစ်ခုလည်း ပျက်စီးခဲ့ပြီး ကွန်ကရစ်လျှပ်စစ်မီးတိုင် ၁၆ တိုင်လည်း ပျက်စီးသွားသည်။

Source – ပြန်/ဆက်

-------------------------------------------------------------------------------------------------------------

ကျိုက်ထိုမြို့နယ် ရေဘေးသင့်သူများအား လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းသည် ကျိုက်ထိုမြို့နယ် ရပ်ကွက် ၂ ခုရှိ ရေဘေးသင့်သူ ၁၂၄၂ ဦးအား ဇူလိုင် ၃၁ ရက်နေ့က သွားရောက်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ် ဇေယျာမွန်ရပ်ကွက် အထက (၁) ရေဘေးကယ်ဆယ်ရေးစခန်း၌ အိမ်ထောင်စု ၈၃ စုမှ လူဦးရေ ၃၈၇ ဦး၊ ကော့စံနိုင်ရပ်ကွက် ဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု ၁၈၃ စုမှ လူဦးရေ ၈၅၅ ဦးတို့အား ဆန်အိတ်များ၊ ဆီဘူးများ၊ ခေါက်ဆွဲခြောက်များ၊ ရေသန့်ဘူးများ ကို ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

Source - သတင်းစဉ်

-------------------------------------------------------------------------------------------------------------

စိုးရိမ် ရေမှတ်အထက် ကျော်လွန်၍မုံရွာတွင် ရေဘေးကာကွယ်ရေးများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး အထက်ဘက်တွင် မိုးအဆက်မပြတ် ရွာသွန်းပြီး ချင်းတွင်းမြစ်ရေ တိုးလာ၍ သြဂုတ် ၁ ရက် ညနေ ၅ နာရီ အချိန်တွင် မုံရွာမြို့၏ စိုးရိမ်ရေမှတ် အထက်ကို ကျော်လွန်လာသောကြောင့် မုံရွာတွင် ရေဘေးကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လာသည်။

ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြစ်ရေဝင်ရောက်နိုင်သည့် ချင်းတွင်းမြစ်ရိုး တစ်လျှောက်နှင့် အချို့နေရာများတွင် သဲအိတ်များ ကာရံခြင်း၊ မြေဖို့ခြင်း လုပ်ငန်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးကြပ်ဆောင်ရွက်နေသည်ဟု သိရသည်။

Source – ခရိုင် ပြန်/ဆက်

-------------------------------------------------------------------------------------------------------------

စေတုတ္တရာနှင့် ပွင့်ဖြူမြို့နယ် ရေကြီးရေလျှံမှုများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်တွင် မိုးသည်းထန်စွာ အဆက်အပြတ် ရွာသွန်းမှုများကြောင့် မုန်းချောင်း ရေနှင့် ဆီးမီးချောင်းရေများ ဆက်လက်မြင့်တက်လျက်ရှိရာ စေတုတ္တရာမြို့ပေါ် ရပ်ကွက်အား လုံးတွင် ရေကြီးနစ်မြုပ်လျက်ရှိပြီး၊ ကုန်းမြင့်နေရာရှိ ပြည်သူ့ဆေးရုံကုန်းထက်ဝက်တွင် ရေဖုံးလွှမ်းလျက်ရှိကာ ယာယီ ကယ်ဆယ်ရေးစခန်းဖွင့်ထားသော ပိတောက်မြိုင် ရပ်ကွက်မှာ ရေပတ်လည်ဝိုင်းနေသောကြောင့် လေယာဉ်ကွင်းနှင့် အ.ထ.က ကျောင်းနေရာများသို့ ဒေသခံများ ပြောင်းရွှေ့လျက် ရှိသည်။

ပွင့်ဖြူမြို့နယ်တွင် ရေဝင်ရောက်မှုမှာ ဇူလိုင် ၃၁ ရက်ကထက်  အနည်းငယ်မြင့်တက်လျက်ရှိပြီး ရေဘေးပြည်သူများအား မြို့နယ်၏တောင်ဘက် ကုန်းမြင့်ပိုင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပြီး ဆောင်ရွက် ပေးလျက်ရှိကာ  ကံသာကြီးကျေးရွာ၊  စံပြကျေးရွာများရှိ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများ တွင်လည်း ကယ်ဆယ်ရေးစခန်းများဖွင့်လှစ် ဆောင်ရွက်လျက်ရှိပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်  တာဝန်ရှိသူများသည် စံပြကျေးရွာတွင် အခြေပြု၍ ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများကို ဆောင်ရွက်လျှက် ရှိသည်။

Source : မင်းဘူး ခရိုင် ပြန်/ဆက်

-------------------------------------------------------------------------------------------------------------

ညောင်ဦးမြို့ရှိ ရေဘေးသင့်ကျေးရွာများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ရောက်ရှိရန် နီးကပ်လာ၍ ကြိုတင်ကာကွယ်သည့်အနေဖြင့် မြစ်လယ်ကျွန်းဖြစ်သော တော်ဘီ ကျေးရွာအုပ်စု ဆယ်လံကျေးရွာရှိ ကျေးရွာနေပြည်သူများ၊ နွား၊ ဝက်စသည့် တိရိစ္ဆာန်များအား ဇူလိုင် ၃၁ ရက် နံနက်ပိုင်း ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့သည်။

အဆိုပါရေဘေးဒုက္ခသည်များအတွက် ညောင်ဦးမြို့နယ် တောင်ဘီကျေးရွာရှိ ဘုန်းကြီးကျောင်း လေးကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်လျက် ရှိသည်။

ထို့အပြင် မြစ်လည်ကျွန်းကျေးရွာဖြစ်သော မီးလောင်ပြားကျေးရွာအုပ်စု ပခုက္ကူကျွန်း ကျေးရွာရှိ ဒေသခံများကိုလည်း ပခုက္ကူကျွန်းဘုန်းကြီးကျောင်း၌ ပြောင်းရွှေ့ နေရာချထားပေးပြီး ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိသည်။

Source :  ခရိုင်ပြန်ဆက်

-------------------------------------------------------------------------------------------------------------

သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာမှ ရေဘေးသင့်ပြည်သူများကို နေရာရွှေ့ပြောင်းပေး

မွန်ပြည်နယ် သထုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒုံသမိချောင်းနံဘေးရှိ ဒူးရင်းဆိပ် ကျေးရွာအနိမ့်ပိုင်းတွင် ချောင်းရေမြင့်တက်ကာ လူနေအိမ်များအတွင်းသို့ ရေများဝင်ရောက်ခဲ့ရာ အဆိုပါ ကျေးရွာရှိ ရေဘေးလွတ်ရာ တပ်ဦးဘုန်းကြီးကျောင်းနှင့် ရွာလယ်ဓမ္မာရုံများသို့ ပြောင်းရွှေ့နေရာချ ထားပေးလျက်ရှိသည်။  

Source : သထုံ ပြန် /ဆက်

-------------------------------------------------------------------------------------------------------------

ကောလင်း-ဥက္ကံသွားလမ်းပေါ်ရှိ ယားတောင်ကျေးရွာအနီး ချောင်းကူးတံတားတည်ဆောက်ပြီး

ဇူလိုင် ၁၆ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတိုက် စားမှုကြောင့် ပျက်စီးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ၊ကောလင်းမြို့နယ် ကောလင်း-ဥက္ကံသွား လမ်းပေါ်ရှိ ယားတောင် ကျေးရွာအနီး ချောင်းကူးတံတားကို ဇူလိုင်၂၈ ရက်ကစတင်ပြီး ပြင်ဆင်ခဲ့ရာ ဇူလိုင် ၃၁ ရက်တွင် ပြီးစီးခဲ့သဖြင့် ကောလင်းမှရွှေတွင်းကျေးရွာသို့ (၁၀)တန်အောက်ယာဉ်များ သွားလာနိုင်ပြီဖြစ်သည်။

Source : မျိုးလွင်(ပင်လည်ဘူး)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly