သာ/ယဉ်ဝန်ကို ကန့်ကွက်ဆန္ဒပြပွဲ သိန်း ၈၀၀၀ သုံးစွဲခဲ့ဟု သတင်းထွက်ပေါ်၊ ထောက်ပံ့သည့်အဖွဲ့ကို သတင်းပေးရန် သာသနာရေးထုတ်ပြန်

သာ/ယဉ်ဝန်ကို ကန့်ကွက်ဆန္ဒပြပွဲ သိန်း ၈၀၀၀ သုံးစွဲခဲ့ဟု သတင်းထွက်ပေါ်၊ ထောက်ပံ့သည့်အဖွဲ့ကို သတင်းပေးရန် သာသနာရေးထုတ်ပြန်

ရန်ကုန်၊ မေလ ၂၃ ။           ။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုအား နုတ်ထွက်ပေးရန် ဆန္ဒပြပွဲအတွက် ကုန်ကျစရိတ် ကျပ်သိန်း ၈၀၀၀ခန့် သုံးစွဲခဲ့ကြောင်း သတင်းထွက်ပေါ်လာ၍ အဓိက အထောက်အပံ့ပေးသည့် အဖွဲ့အစည်းအား သိရှိပါက သတင်းပေးပို့ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ မေလ ၂၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုအား နုတ်ထွက်ပေးရန် မြန်မာဗုဒ္ဓဘာသာ နိုးကြားရေးအသင်း(ရန်ကုန်)မှ ဦးဆောင်မှုပြီး နေပြည်တော်တွင် မေလ ၂ဝ ရက်က ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

မေလ ၂ဝ ရက်၊ နံနက် ၉ နာရီက နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာဘောလုံးကွင်းတွင် ကန့်သတ်လူအင်အား ၃ဝဝ ဖြင့် မြန်မာဗုဒ္ဓဘာသာ နိုးကြားရေးအသင်း(ရန်ကုန်)မှ ဦးဆောင်ပြီး ဆန္ဒပြရာတွင် ပါဝင်သူများအား တစ်ဦးလျှင် ၇ဝဝဝ ကျပ်၊ ၁ဝဝဝဝကျပ်၊ ၂ဝဝဝဝ ကျပ်နှင့် ၃ဝဝဝဝ ကျပ်တို့ ထောက်ပံ့ပေးခဲ့ကြောင်း လူမှုစာမျက်နှာတွင် ရေးသားဖော်ပြနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆန္ဒပြရာတွင် ပါဝင်သူတစ်ချို့မှာ ထောက်ပံ့ကြေးမရရှိဘဲ အပြန်ခရီးတွင် အခက်အခဲကြုံနေရပြီး အဆိုပါ ဆန္ဒပြပွဲတွင် ငွေကျပ်သိန်း ၈ဝဝဝ ခန့်ထိ သုံးစွဲခဲ့ကြောင်း စသည့်တို့ကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြရာတွင် ကုန်ကျစရိတ်များကို ခန့်မှန်းတွက်ချက်ထားသည့် အသုံးစာရင်းများလည်း လူမှုကွန်ရက်တွင် ဖော်ပြထားသည့်အတွက် အဓိကငွေကြေးထောက်ပံ့သည့် အဖွဲ့အစည်းအား သိရှိသူများနှင့် ဆန္ဒပြရာတွင် ငွေကြေးထောက်ပံ့မှုမရရှိခဲ့သူများအနေဖြင့် မိမိ၏နစ်နာခဲ့မှုများအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အသိပေးအကြောင်းကြားနိုင်ကြောင်း သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required