မြန်မာ့ရေချိုလိပ် ၂၆ မျိုးအနက် တစ်ဝက်ခန့် မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ

မြန်မာ့ရေချိုလိပ် ၂၆ မျိုးအနက် တစ်ဝက်ခန့် မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ
ဓာတ်ပုံ-သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)
 

ရန်ကုန်၊ မေလ ၂၃ ။           ။ မြန်မာနိုင်ငံအတွင်း ရေချိုလိပ်မျိုးပေါင်း ၂၆ မျိုးရှိသည့်အနက် တစ်ဝက်ခန့်မှာ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း မြန်မာ့ရေချိုလိပ်နှင့် ကုန်းလိပ်များ မျိုးဆက်ရှင်သန်ရေးအဖွဲ့ ဒါရိုက်တာ ဒေါက်တာကလျာက ပြောသည်။

ရေချိုလိပ် မျိုးပေါင်း ၂၆ မျိုးအနက် ၁၂ မျိုးမှာ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေပြီး ၎င်းတို့ အနက် ကြယ်လိပ်၊ တိုက်လိပ် နှင့် ရခိုင်တောင်လိပ်တို့မှာ အခြားလိပ်များထက် ပို၍ မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်းသိရသည်။

မေလ ၂၃ ရက်တွင် ကျရောက်သည့် ကမ္ဘာ့လိပ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ နာနတ်တောလမ်းရှိ သားငှက်ထိန်းသိမ်းရေးရုံး(WCS) တွင် ပြုလုပ်သည့် ရှင်းလင်းပွဲတွင် မဇ္ဈိမ၏ မေးမြန်းမှုကို ဒေါက်တာကလျာက ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဒီလိုမျိုးသုဉ်းပျောက်ကွယ်နေတာက နံပတ်တစ်အဆိုးဆုံးအချက်ကတော့ တရုတ်ပြည်ကို တရားမဝင် တင်ပို့ရောင်းချနေတာပဲ။ ကုန်ကားကြီးတွေနဲ့ တရားမဝင်တင်ပို့တာဆိုတော့ အဲ့ဒီမှာ အကောင်အရေအတွက်အများကြီးပါသွားတယ်။ တင်ပို့နေတာ နှစ်ပေါင်းများစွာဆိုတော့ နှစ်ကြာလာတော့ မျိုးသုဉ်းမယ့် အခြေအနေဖြစ်လာတာပေါ့” ဟု ဒေါက်တာကလျာက ရေချိုလိပ်များ မျိုးသုဉ်းရခြင်းနှင့် ပတ်သက်ပြီး ပြောသည်။

အဆိုပါ ရေချိုလိပ်များ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရခြင်းမှာ တရားမဝင် ကူးသန်းရောင်းဝယ်ခြင်းများအပြင် တောင်ယာမီးရှို့ခြင်း၊ အလွန်အကျွံဖမ်းဆီး စားသောက်ခြင်း၊ ဆေးဝါးအဖြစ် အသုံးပြုခြင်းနှင့် အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ပထမ အရှားပါးဆုံးလိပ်ဖြစ်သော ကြယ်လိပ်အား မင်းစုံတောင်ဘေးမဲ့တော၊ ရွှေစက်တော်ဘေးမဲ့တော နှင့် လောကနန္ဒာဘေးမဲ့တောတို့တွင် စနစ်တကျ ခြံလှောင်မွေးမြူထားရှိပြီး ထို့ပြင် ဒုတိယ အရှားပါးဆုံးလိပ်ဖြစ်သော တိုက်လိပ်များကိုလည်း ချင်းတွင်းမြစ်ကမ်းတစ်လျောက် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ဒေါက်တာကလျာက ပြောသည်။

မြန်မာနိုင်ငံအတွင်း တိုက်လိပ်အမျိုးအစား ၅ ကောင်သာ ကျန်ရှိပြီးနောက် ကာကွယ်ထိန်းသိမ်းရာ လက်ရှိတွင် ချင်းတွင်းရှိ လိပ်မွေးမြူရေးစခန်းတွင် အကောင်(၈ဝဝ) ကျော်လာပြီဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် မျိုးသုဉ်းပျောက်ကွယ်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော လိပ်မျိုးစိပ်များအတွက် မြန်မာနိုင်ငံ သားငှက်ထိန်းသိမ်းရေအဖွဲ့၊ လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့ နှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းကာ တားဆီး ကာကွယ်မှုများပြုလုပ်နေပြီး စနစ်တကျ ခြံလှောင်မွေးမြူမှုများ ပြုလုပ်နေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required