ရခိုင်လူထု၏ ဘုံသဘောတူညီချက်မပါဝင်ဘဲ ကတိကဝတ်ဆိုင်ရာစာချုပ်လက်မှတ်မထိုးဖို့ AA အသိပေး

ရခိုင်လူထု၏ ဘုံသဘောတူညီချက်မပါဝင်ဘဲ ကတိကဝတ်ဆိုင်ရာစာချုပ်လက်မှတ်မထိုးဖို့ AA အသိပေး
ဓာတ်ပုံ-ခင်စုကြည်
 

နေပြည်တော်၊ မေ ၂၃ ။              ။ ၂၁ ရာစုပင်လုံညီလာခံ၌ ရခိုင်ပြည်သူလူထုရဲ့ ဘုံသဘောတူညီချက်မပါဝင်ဘဲ ရခိုင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် ကတိကဝတ်ဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခြင်းမပြုရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) မှ ယနေ့နေ့စွဲဖြင့် အသိပေးထုတ်ပြန်လိုက်သည်။

ယနေ့ ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်တွင် ULA/AA မှ ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင် ၂၁ ရာစုပင်လုံညီလာခံအား တက်ရောက်ခြင်းမှာ တရုတ်ပြည်သူသမ္မတနိုင်ငံ၏   မေတ္တာရပ်ခံချက်ကြောင့်သာဖြစ်ကြောင်း ဖော်ပြထားသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) ကိုရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP) မှ လက်မှတ် ရေးထိုးထားသော်လည်း လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ရခိုင်ပြည်နယ်အတွင်းကျင်းပခွင့် မရရှိခဲ့ပေ။

ရခိုင်အမျိုးသားပါတီမှ ဒေါက်တာအေးမောင်ကလည်း ရခိုင်ပြည်နယ်တွင် လူမျိုးအလိုက် အမျိုးသားအဆင့်ဆွေးနွေးပွဲများ မကျင်းပနိုင်သေးသဖြင့် ယခုလာမည့် ဒုတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံတွင် ရခိုင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်မည့် သဘောထားစာတမ်းများကိုတင်သွင်းနိုင်မည် မဟုတ်ဘဲ ပါတီအနေဖြင့်သာ မူဝါဒများကိုထည့်သွင်းပေးရသည်ဟုဆိုသည်။

၎င်းက ရှင်းပြရာတွင် “ပါတီအနေနဲ့ပဲ ပါဝင်လိ့ုရနေတယ်။ အဲ့ဒါကြောင့်အစိုးရက သဘောထားကြီးပေးပါ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခွင့်ပေးပါဆိုပြီးတောင်းဆိုခဲ့တယ်၊ လုပ်ခွင့်ပေးမယ်ဆိုပေးလို့ရတဲ့ အချိန်လုံလောက်မှု ရှိတယ်”ဟုဆိုသည်။

ရခိုင်ကဲ့သို့ပင် ရှမ်းပြည်နယ်အတွင်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့်မရရှိခဲ့ခြင်းကြောင့် မည်သည့် သဘောတူညီချက်မျိုးကိုမျှ လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) ကလည်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required