မဘသ အမည်သုံးခွင့်မရှိ၊ မဘသ ဆိုင်းဘုတ်များ အပြီးတိုင်ဖြုတ်ဖို့ မဟန ဆုံးဖြတ်

မဘသ အမည်သုံးခွင့်မရှိ၊ မဘသ ဆိုင်းဘုတ်များ အပြီးတိုင်ဖြုတ်ဖို့ မဟန ဆုံးဖြတ်

ရန်ကုန်၊ မေ ၂၃ ။       ။ နိုင်ငံအနှံ့အပြားတွင် မဘသအမည်သုံးခွင့်မရှိကြောင်း၊ မဘသဆိုင်းဘုတ်များကိုလည်း အပြီးတိုင် ဖြုတ်သိမ်းပေးရန် နှင့် မလိုက်နာပါက ပြည်ထဲရေးဝန်ကြီးဌာနက အရေးယူပေးရန် နိုင်ငံတော်သံဃမယာနာယက အဖွဲ့အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။

အဆိုပါ အချက်အပါအဝင် အချက် ၄ချက်ပါ ထုတ်ပြန်စာတစ်စောင်ကို သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီအစည်းအဝေးက မေလ ၂၃ရက်တွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

“မ.ဘ.သ အဖွဲ့ဆိုင်းဘုတ်များကို (၅.၇.၂၀၁၇) ရက် နောက်ဆုံးထား၍ အပြီးအပိုင်ဖြုတ်သိမ်းပေးရန်" ဟူ၍ မဟန၏ ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

အဆိုပါဆုံးဖြတ်ချက်များကို လိုက်နာခြင်းမရှိပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူသွားမည်ဖြစ်ပြီး လူပုဂ္ဂိုလ်ဖြစ်ပါက ပြည်ထဲရေးဌာနက သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဖြစ်သည်။

ထို့အပြင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) ဟာ တရားမဝင်ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည့်အတွက် မ.ဘ.သ အမည်ခံလူပုဂ္ဂိုလ်များဟာ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ (မ.ဘ.သ) နာမည်ကို သုံးစွဲပြီး မည်သည့်အမှုကိစ္စကိုမျှ မလုပ်ရန်လည်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါး စုံညီအစည်းအဝေး ဆုံးဖြတ်ထားသည်။

ထုတ်ပြန်စာသဘောအရ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ)အနေဖြင့် ၎င်းတို့၏ ကျင်းပရန် လျာထားသည့် ညီလာခံလည်း ကျင်းပခွင့်မရှိတော့ကြောင်း သာသနာရေးနှင့် ဝိနိစ္ဆယဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းညွှန့်ကဆိုသည်။

သံဃမဟာနာယကအဖွဲ့ (၄၇)ပါး စုံညီအစည်းအဝေးမှ ယနေ့ချမှတ်လိုက်သည့် ဆုံးဖြတ်ချက် (၄) ချက်ကို တိကျစွာလိုက်နာမည်ဖြစ်ကြောင်းနှင့် ကျန် မ.ဘ.သ အဖွဲဝင်များကိုလည်း အသိပေးမည်ဟု မဘသ ဥက္ကဋ္ဌဆရာတော် နှင့် ဒုဥက္ကဋ္ဌ ဆရာတော်တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required