မကွေးကျောင်းဆရာတော် ဦးပါမောက္ခ အမှုတွဲချေဖျက်ပေးရန် ရန်ကုန်တိုင်းတရားလွှတ်တော်တွင် လျှောက်ထား

မကွေးကျောင်းဆရာတော် ဦးပါမောက္ခ အမှုတွဲချေဖျက်ပေးရန် ရန်ကုန်တိုင်းတရားလွှတ်တော်တွင် လျှောက်ထား

ရန်ကုန်၊  မေ  ၂၃ ။         ။ အမေရိကန်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ကမာရွှတ်မြို့နယ်တရားရုံးမှတွင် ပုဒ်မ ၁၉ ဖြင့် အမှုရင်ဆိုင်နေရသည့် မကွေးကျောင်းဆရာတော် ဦးပါမောက္ခသည် မေလ ၂၃ ရက်၊ နံနက်ပိုင်းက  ရန်ကုန်တိုင်းတရားလွှတ်တော်တွင်  အမှုတွဲချေဖျက်ပေးရန် လျှောက်ထားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥဒေအရ ၎င်းတွင် အပြစ်မရှိဘူးဟု ဆရာတော်ဦးပါမောက္ခက  မိန့်ကြားသည်။

"၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း ၈ ပုဒ်မ ၃၈၃ မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ အချုပ်အချာတည်တန့်ခိုင်မြဲရေးတို့သည် နိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်လို့ပါတယ်။   အမေရိကန်သံအမတ်ပြောတဲ့စကားဟာ မြန်မာနိုင်ငံရဲ့အချုပ်အချာအာဏာကို ထိခိုက်ပုတ်ခတ်နေတယ်။ သံတမန်ကျင့်ဝတ်နဲ့လည်း လုံးဝမညီဘူး။ အပြစ်ရှိတဲ့သူကို အရေးယူရမယ်ဆိုရင် အမေရိကန်သံ အမတ်ကို အရေးယူရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ရိုဟင်ဂျာ ဆိုတာရှိသလားလို့ မေးတဲ့အခါမရှိပါဘူး။ ဘုန်းကြီးတို့ကလည်း မရှိတာကိုမရှိပါဘူးလို့ ပြောခဲ့တယ်။ ဘုန်းကြီးတို့လိုပဲ အခု ကာကွယ်ရေးဦးစီးချုပ်ဟောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးတင်ဦးတို့၊ ဦးဉာဏ်ဝင်းတို့လည်း ပြောတယ်။ အခု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့လည်း မရှိဘူးဆိုတာကို ပြောတယ်။ နိုင်ငံတင်မကဘူး။ ကမ္ဘာသိအောင် ပြောပြီးသားဖြစ်တယ်။ အမှန်ကို အမှန်လို့ ပြောတာကို ပုဒ်မ ၁၉ နဲ့ ငြိသလားလို့ ဘုန်းကြီးတို့က မေးချင်တယ်" ဟု ဆရာတော်ဦးပါမောက္ခက  မိန့်ကြားသည်။

ဆရာတော်ဦးပါမောက္ခအမှု လျှောက်ထားရာတွင် တရာလွှတ်တော် ရှေ့နေကြီးဦးရောဘတ်စန်းအောင်လည်း ပါဝင်ကူညီခဲ့သည်။ သံဃနာယကအဖွဲ့အဆင့်ဆင့်၏ ခွင့်ပြုချက်ကိုမယူဘဲနှင့် တရားစွဲဆိုခြင်းသည် မှားယွင်းနေသည်ဟု  ဦးရောဘတ်စန်းအောင်က သုံးသပ်ပြောကြားသည်။

"သံဃနာယကအဖွဲ့ရဲ့ ခွင့်ပြုချက်အဆင့်ဆင့်ကို မယူဘဲနဲ့တရားစွဲဆိုတာဟာ မှားနေတယ်။ တစ်ကယ်တမ်း ပြောရမယ်ဆိုရင် ဒါ ဝိနိစ္ဆယလက်စွဲ အပိုဒ် ၉၀ နဲ့မငြိစွန်းတဲ့ အမှုအခင်းအမျိုးအစားဖြစ်တယ်။ နောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ နဲ့ လူ့အခွင့်အရေးကြေငြာချက်စာတမ်းအပိုဒ် ၁၉ တို့အရ ဆရာတော်ရဲ့ ဆောင်ရွက်ချက်က ဥပဒေနဲ့ဆန့်ကျင်တာမဟုတ်ဘူး။ သံဃာတော်တစ်ပါးကို အခုလိုသင်္ဃန်းကြီးနဲ့ တရားခွင်မှာ ထိုင်ခိုင်းမယ်ဆိုတာကိုက မသင့်လျော်ဘူးလေ" ဟု ဦးရောဘတ်စန်းအောင်က သုံးသပ်ပြောသည်။

၂၀၁၆ ဧပြီလ(၁၉)ရက်က စစ်တွေမြို့၊ စက်လှေနစ်မြုပ်မှုတွင် သေဆုံးခဲ့မှုများကို အမေရိကန်သံရုံးက ရိုဟင်ဂျာလူမှုအသိုက်အဝန်းဟု ထုတ်ပြန်ခဲ့ခြင်းအပေါ် ၂၀၁၆ ဧပြီ ၂၈ ရက်နေ့က  အမေရိကန်သံရုံး ရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည့်အတွက် ယခုကဲ့သို့ တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

သက်ဆိုင်ရာက ဗဟန်းမြို့နယ်၊ဗိုလ်စိန်မှန်အားကစားကွင်းမှာသာ ခွင့်ပြုမိန့်ချပေးခဲ့သော်လည်း ဆရာတော် ဦးပါမောက္ခက အမေရိကန် သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည့်အတွက် ယခုလိုတရားစွဲဆိုခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required