တရားမဝင်လုပ်ကိုင်မှုတွေကို အရေးမယူသည့် တာဝန်ရှိသူတွေကို ထပ်ဆင့်အရေးယူမည့် ဥပဒေ ရေးသွင်းရန် ဝါးခယ်မအမတ် တိုက်တွန်း

တရားမဝင်လုပ်ကိုင်မှုတွေကို အရေးမယူသည့် တာဝန်ရှိသူတွေကို ထပ်ဆင့်အရေးယူမည့် ဥပဒေ ရေးသွင်းရန် ဝါးခယ်မအမတ် တိုက်တွန်း

ပုသိမ်၊ မေ ၂၃ ။              ။ ဧရာဝတီတိုင်းအတွင်းက တရားမဝင် ငါးကန်များကိစ္စနှင့် ပတ်သက်ပြီး တာဝန်ရှိသူများက တာဝန်ပျက်ပြီး အရေးမယူလျှင် ထပ်ဆင့်အရေးယူအပြစ်ပေးနိုင်မည့် ဥပဒေရေးဆွဲရန် ဝါးခယ်မမြို့နယ် တိုင်းကိုယ်စားလှယ်ဒေါ်မြင့်မြင့်စန်းက မေလ ၂၃ရက်က ဧရာဝတီတိုင်းလွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

"တရားမဝင်ငါးကန်များတူးဖော်နေခြင်းအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိစစ်ကြပ်မတ်ပေးပါရန် အရေးယူအပြစ်ပေးဖို့ တာဝန်ရှိသူတွေက တာဝန်ပျက်ကွက်ပြီး အရေးမယူ အပြစ်မပေးလျှင် ထပ်ဆင့်အရေးယူအပြစ်ပေးနိုင်မယ့် ဥပဒေရေးသွင်းဖို့ ပြတ်သားတဲ့ အမိန့်တွေထုတ်ပြန်ဖို့ လိုအပ်နေပြီးဖြစ်ကြောင်း”ကို ဝါးခယ်မမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်ဒေါ်မြင့်မြင့်စန်းက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

နိုင်ငံဝန်ထမ်းဥပဒေနှင့် မညီသူတွေအား သက်ဆိုင်ရာဌာနအလိုက် တာဝန်အလိုက် ပြဋ္ဌာန်းထားသည့် ဥပဒေများအား မလိုက်နာသူတွေကို နိုင်ငံဝန်ထမ်းဥပဒေ အခန်း(၁၁)ပုဒ်မ(၅၃)မှာ ပြဋ္ဌာန်းထားသည့် ပုဒ်မ(စ)ပေါ့လျော့မှုကြောင့်ဖြစ်စေ အမိန့်နှင့်ညွန်ကြားချက်များကို မလိုက်နာမှုကြောင့်ဖြစ်စေ၊ ပေါ်ပေါက်သည့် ဆုံးရှုံးမှုတန်ဖိုးအပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ဒေသကို ပေးလျော်စေခြင်း၊ ပုဒ်မခွဲ(ဂ)ရာထူးမှထုတ်ပယ်ခြင်း ပုဒ်မခွဲ(ဈ) ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်းဆိုသော ပြစ်ဒဏ်များကိုပေးသင့်ကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။

"ရပ်ကျေးအုပ်ချုပ်ရေးမှူးက မြို့နယ်အုပ်ချုပ်ရေးမှူးဆီ မြေတိုင်းစာရေးက မြို့နယ်မြေစာရင်းဦးစီးမှူးဆီ အသိပေးအကြောင်းကြားရမယ့် တာဝန်ရှိပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး မြေစာရင်းဦးစီးမှူးကလည်း အချိန်နဲ့တပြေးညီ ဥပဒေဘောင်အတွင်းက ကြိုးစားဖြေရှင်းပေးရမှာဖြစ်ပါတယ်၊ ဒါပေမဲ့ အကြောင်းမကြားတာလား အကြောင်းကြားပေမဲ့ မသိချင်ယောင်ဆောင်ပြီး ပေါင်းစားနေတာလားဆိုတာ ပြည်သူတွေရဲ့တိုင်စာတွေက သက်သေထူနေပါတယ်" ဟု ငါးကန်များ တရားမဝင်တူးဖော်ခြင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ဌာနများလုပ်ဆောင်ချက်အား လွှတ်တော်တွင် ပြောဆိုသည်။

ညောင်တုန်းမြို့နယ်တွင် ငါးကန်တူးဖော်နေခြင်းအား ဧရာဝတီတိုင်းအစိုးရ၏ ညွှန်ကြားချက်ကို ဆန့်ကျင်ပြီး လုပ်ဆောင်နေခြင်းက တရားဥပဒေစိုးမိုးမှု အလွန်အားနည်းခြင်းကို သက်သေပြနေကြောင်းလည်း ဆက်လက်ဆွေးနွေးထားသည်။

မအူပင်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်ဦးဇော်မိုးကလည်း တရားမဝင်ငါးကန်များ တူးဖော်နေခြင်းသည် လယ်ယာမြေဥပဒေနှင့် ဧရာဝတီတိုင်းဒေသကြီးရေချိုငါးလုပ်ငန်းဥပဒေကို ချိုးဖောက်နေကြောင်း တိုင်းလွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required