သမ္မတဦးသိန်းစိန် ကလေးရှိ ရေဘေးသင့်သူများကို အားပေး လှူဒါန်း

သမ္မတဦးသိန်းစိန် ကလေးရှိ ရေဘေးသင့်သူများကို အားပေး လှူဒါန်း

သမ္မတဦးသိန်းစိန်သည် ယနေ့ သြဂုတ် ၁ ရက်နေ့တွင် ကလေးမြို့ရှိ ကယ်ဆယ်ရေး စခန်း ၅ ခုမှ ရေဘေးသင့်သူ ၈၁၈၇ ဦးအား အားပေးခဲ့ပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။
ကျားလုံချည် (၁၁၂၀) ထည်၊ မလုံချည် (၁၅၀၀) ထည်၊ တီရှပ် (၁၅၀၀) ထည်၊ မျက်နှာသုတ်ပုဝါ (၁၁၅၀) ထည်၊ စောင် (၁၀၀၀) ထည်၊ ခေါက်ဆွဲခြောက်ဖာ (၅၀၀)၊ ရေသန့်ဘူး (၁၁၁၀) နှင့် ဆေးမျိုးစုံသေတ္တာ (၂၀) တို့အား လှူဒါန်းခြင်း ဖြစ်သည်။
ကလေးခရိုင်၌ နှစ်ပေါင်းတစ်ရာကျော်အတွင်း မကြုံစဖူး ရေလွှမ်းမိုးမှုဖြစ်ခြင်းကြောင့် ကိုယ်တိုင် လာရောက်ကူညီ အားပေးခြင်းဖြစ်သည်ဟု ရေဘေးသင့်ပြည်သူများကိုပြောသည်။
ချင်းပြည်နယ်တွင်လည်း တောင်ပြိုမှုများဖြစ်နေသဖြင့် ဆက်သွယ်ရေးလမ်းကြောင်းပွင့်စေရန် အမြန်ဆောင်ရွက်ပြီး ဆန်နှင့်ရိက္ခာများ အမြန်ပေးပို့မည်ဟုလည်းဆိုသည်။
အသက်ရှင်နိုင်ရေးအတွက် ဘေးလွတ်ရာသို့ ကယ်ဆယ် ရွှေ့ပြောင်းပေးသည့် လုပ်ငန်းကို အတိုင်းအတာတစ်ခုထိ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သော်လည်း ကျန်ရှိနေသောသူများကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရမည်ဖြစ်ကြောင်း၊ ကလေးဒေသတွင် လှေလုံလောက်စွာမရှိသည့်အတွက် တပ်မတော်မှ လှေများပို့ဆောင်ပေးနေသကဲ့သို့ အခြားဒေသများမှ လှေများလည်း ပို့ဆောင်ပေးမည်ဟုသိရသည်။
စခန်းများသို့မရောက်ဘဲ နီးစပ်ရာနေရာများတွင် ခိုလှုံနေသူများကိုလည်း စာရင်းကောက်ယူ၍ ထောက်ပံ့ပေးရန်လိုကြောင်း၊ ကလေးဒေသတွင် တပ်မတော်မှ အရန်ဆန် စပါးတင်းတစ်သိန်းသုံးသောင်းကျော်ရှိသဖြင့် ကြိတ်ခွဲပြီး ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ ထို့ပြင် မုံရွာမှလေယာဉ်ဖြင့်လည်း တင်ပို့ပေးမည်ဟု ပြောသည်။
ကလေးမြို့ ကလေးဝလမ်းရှိ အထွေထွေရောဂါကုဆေးရုံကြီးအနီး ရေကြီးရေလျှံနေမှုကိုလည်း ကြည့်ရှုခဲ့သေးသည်။
ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေသူများကို စားဝတ်နေရေး၊ ကျန်းမာရေးအဆင်ပြေစေရန် မြို့ပေါ်ရှိစေတနာရှင်များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် တပ်မတော်အပါအဝင် ဌာနဆိုင်ရာများက ကူညီပံ့ပိုး ဆောင်ရွက်ပေးရန်လိုကြောင်းမှာကြားသည်။
ထို့ပြင် နေအိမ်များ ပြန်လည်ဆောက်လုပ်နိုင်ရန်၊ ဆက်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်၊ စာသင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ကျောင်းသား/သူများအတွက် လိုအပ်သော စာအုပ်စာတမ်းများ ပြန်လည်ဖြည့်ဆည်း ပေးရန်၊ နောက်ဆက်တွဲရောဂါများမဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးစောင့်ရှောက်ပေးရန်တို့ကို ဦးစားပေး ဆောင်ရွက်လိုကြောင်း၊ ပျက်စီးသွားသောလယ်ယာမြေများ ပြန်လည်ဖော်ထုတ်ရန်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရေရှည်စီမံချက်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်းမှာကြားသည်။
သမ္မတ ဦးသိန်းစိန်နှင့်အတူ အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးမြတ်ဟိန်း၊ ဦးရဲထွဋ်၊ ဒုတိယဝန်ကြီးများလည်း လိုက်ပါသွားကြသည်။

Source - သတင်းစဉ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required