လိုအပ်လာပါက ဒုံးကျည်စမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု အီရန်သမ္မတရာဟာနီပြော

လိုအပ်လာပါက ဒုံးကျည်စမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု အီရန်သမ္မတရာဟာနီပြော

 မေ ၂၃ ။              ။ အီရန်သမ္မတဟတ်ဆန်ရာဟာနီက ဒုံးကျည်စမ်းသပ်မှုများကို ဆောင်ရွက်ရန်အတွက် အမေရိကန်ပြည်ထောင် စု၏ ခွင့်ပြုချက် မလိုကြောင်းနှင့် နည်းပညာအရ လိုအပ်လာပါက ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တနင်္လာနေ့က ပြောခဲ့သည်။

“ကျနော်တို့ရဲ့ ဒုံးလက်နက်တွေဟာ ကျနော်တို့ရဲ့ ကာကွယ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဖြစ်ပါတယ်။ ရန်ပြုဖို့ အတွက်မဟုတ်ပါဘူး။ ဒုံးကျည်စမ်းသပ်ဖို့အတွက် နည်းပညာအရလိုအပ်မှု ရှိလာပါက ဘယ်သူ့ကိုမှခွင့် မတောင်းဘဲ လုပ်ဆောင်သွားမယ်ဆိုတာကို သိထားကြပါ” ဟု ရာဟာနီက မြို့တော်တာရန်၌ သတင်းထောက် များကို ပြောကြားခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဝေဖန်ချက်ကို ယခုလိုတုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

ဒါ့အပြင် အီရန်နိုင်ငံ၏ သမ္မတအဖြစ် ပြန်လည်တင်မြှောက်ခံထားရသော ရာဟာနီက ဆော်ဒီအာရေဗျနိုင်ငံ၌ ပြုလုပ်ခဲ့သော ဒေါ်နယ်ထရမ့်နှင့် အာရပ်ခေါင်းဆောင်များ၏ ထိပ်သီးစည်းဝေးပွဲသည် ဟန်ပြသက်သက်သာ ဖြစ်ကြောင်း ပြန်လည်ဝေဖန်ခဲ့သည်။

“ဆော်ဒီအာရေဗျမှာ လုပ်သွားတဲ့ပွဲက ဟန်ပြသက်သက်ပဲဖြစ်ပြီး လက်တွေ့ကျမှုလည်းမရှိ၊ နိုင်ငံရေး စံတန်ဖိုး လည်းမရှိပါဘူး” ဟု ရာဟာနီက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထရမ့်နှင့် ဆော်ဒီအစိုးရတို့ လက်မှတ်ရေးထိုးခဲ့သော လက်နက်ရောင်းဝယ်ရေး သဘောတူညီချက်ကိုလည်း ရာဟာနီက ဝေဖန်ခဲ့ပြီး “ အင်အားကြီးနိုင်ငံတစ်ခုကို ပြည်သူတွေရဲ့ ပိုက်ဆံတွေ ပေးအပ်ပြီးတော့ အကြမ်းဖက် ဝါဒကို ဖြေရှင်းလို့မရပါဘူး” ဟု ပြောခဲ့သည်။

ဒါ့အပြင် သောကြာနေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် သူအနိုင်ရလိုက်ခြင်းက အီရန်နိုင်ငံသည် စေ့စပ် ညှိုနှိုင်းမှုများ ပြုလုပ်ရန်အတွက် အသင့်ဖြစ်နေပြီဟု ကမ္ဘာကြီးကို သတင်းစကားပါးလိုက်ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required