မန်ချက်စတာမြို့ ပေါပ်ဂီတဖျော်ဖြေပွဲတွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွား၍ လူ ၁၉ ဦး သေဆုံး

မန်ချက်စတာမြို့ ပေါပ်ဂီတဖျော်ဖြေပွဲတွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွား၍ လူ ၁၉ ဦး သေဆုံး

မန်ချက်စတာ၊ မေ ၂၃ ။                  ။ အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်းက မန်ချက်စတာမြို့တွင် အမေရိကန်ပေါ့ပ်စတားဖြစ်သည့် အာရီယာနာဂရန့်၏ ဂီတဖျော်ဖြေပွဲအတွင်း သံသယရှိဖွယ်အကြမ်းဖက်သမားတစ်ဦး တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၉ ဦးသေဆုံးကြောင်း ရဲက  မေ ၂၃ ရက်တွင် ပြောသည်။

အာရီယာနာ၏ ရှိုးပွဲပြီးချိန် ပွဲရုံအဝင်ခန်းမနေရာတွင် ဗုံးပေါက်ကွဲမှုကဲ့သို့ ပေါက်ကွဲသံကြီး ကြားလိုက်ကြောင်း မျက်မြင်များက ပြောသည်။ လူငယ်အများစုဖြစ်သော အာရီယာနာ၏ ပရိသတ်များက လူ ၂၁၀၀၀ ဆံ့ ဇာတ်ပွဲရုံအတွင်းက ထွက်ပြေးကြခြင်းကြောင့် အထိတ်တလန့်ဝရုန်းသုန်းကာအခြေအနေဖြစ်ပေါ်သည်။

ပေါက်ကွဲမှုဖြစ်ပြီး မကြာမတင်အချိန်တွင်း အရေးပေါ်ကားအုပ်စုနှင့် ဗုံးရှင်းလင်းရေးအဖွဲ့တို့က ယင်းရှိုးပွဲကျင်းပရာနေရာသို့ ဖြန့်ကြက်ချထားသည်။ ရထားပြေးဆွဲမှုများ ပိတ်ထားလိုက်ပြီးနောက်တွင် ပွဲလာကြည့်သူများအတွက် မြို့ခံများက နေရာထိုင်ခင်းပေးခဲ့သည်။

“သေဆုံးသူ ၁၉ ဦးရှိတာ အတည်ပြုနိုင်ပါပြီ။ ဒဏ်ရာရသူ ၅၀ နီးပါးရှိပါတယ်။ ယခုအချိန်အထိ ရဲက အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် စုံစမ်းစစ်ဆေးနေပါတယ်။”ဟု ရဲထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဝန်ကြီးချုပ် ထရီဆာမေက စိတ်ပျက်စဖွယ်အစွန်းရောက်တိုက်ခိုက်မှုအဖြစ် ရှုတ်ချသည်။

“သေဆုံးဒဏ်ရာရသူ မိသားစုများနဲ့ ကျွန်မတို့အားလုံး ထပ်တူခံစားရပါတယ်။”ဟု ဝန်ကြီးချုပ် ထရီဆာမေက ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။

ပေါက်ကွဲမှုမှာ မေ ၂၂ ရက် ဂရင်းနစ်စံတော်ချိန် ၂၁၄၅ နာရီတွင် ဖြစ်ပွားကြောင်း အတည်မပြုနိုင်သေးသည့် ဦးဆုံးသတင်းများတွင် ဖော်ပြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required