အီရန်ကို ဘယ်တော့မှ နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်မပြုဟု နေတန်ယာဟုကို ဒေါ်နယ်ထရမ့်ပြော

အီရန်ကို ဘယ်တော့မှ နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်မပြုဟု နေတန်ယာဟုကို ဒေါ်နယ်ထရမ့်ပြော

ဂျေရုဆလင်၊ မေ ၂၃ ။                   ။ မေ ၂၂ ရက်တွင် ဂျေရုဆလင်သို့ စတင်အလည်အပတ်ရောက်ရှိသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ပတ်သက်ပြီး နျူကလီးယားလက်နက် ထုတ်လုပ်မည်ဆိုပါက စိုးရိမ်ဖွယ်ရာများဖြစ်ပေါ်လာလိမ့်မည်ဟု သတိပေးလိုက်သည်။

ထရမ့်သည် ၎င်း၏ ပထမဆုံးနိုင်ငံတကာခရီးစဉ်၏ ဒုတိယဆိုက်ရောက်ရာအဖြစ် ဆော်ဒီအာရေဗျမှ အစ္စရေးသို့ Air Force One ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

“အီရန်နိုင်ငံကို ဘယ်တော့မှ နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူး။”ဟု အစ္စရေးသမ္မတ ရီဗလင်းနှင့် ဘေးတွင်အတူယှဉ်ရပ်လျက်ရှိစဉ် ထရမ့်က ပြောသည်။

ထရမ့်အနေဖြင့် ယခုသတင်းစကားကို ဝန်ကြီးချုပ်နေတန်ယာဟုနှင့် တွေ့ဆုံဖို့ရန် ရှိနေစဉ် အကြိုစကားခင်းခြင်းလည်းဖြစ်သည်။

ထိုပြင် အီရန်နှင့် အင်အားကြီး ခြောက်နိုင်ငံ(ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် ငါးနိုင်ငံနှင့် ဂျာမနီ)တို့ကြား ချုပ်ဆိုခဲ့သည့် နျူကလီးယားသဘောတူညီမှုသည်လည်း မှားယွင်းမှုတစ်ရပ်ဖြစ်ကြောင်း ထရမ့်က တံဆိပ်ကပ်လိုက်သည်။

“တကယ်စိတ်ပျက်စရာပါ။ ဒီအီရန်နျူကလီးယားသဘောတူညီမှုမှာ ပါဝင်တာ အမေရိကန်အတွက် တကယ်စိတ်ပျက်ဖွယ်ပါပဲ။ ကျွန်တော်အတွက်ကတော့ ပြောနိုင်တယ်။ အီရန် ဘယ်တော့မှ နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် ပေးမှာမဟုတ်ဘူးဆိုတာပဲ။”ဟု ထရမ့်က နေတန်ယာဟုနှင့် တွေ့ဆုံလက်ဆွဲနှုတ်ဆက်စဉ် ပြောလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags