မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုများကြောင့် စိုးရိမ်ပူပန်ကြောင်း ကုလထုတ်ပြန်

မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုများကြောင့် စိုးရိမ်ပူပန်ကြောင်း ကုလထုတ်ပြန်

ဇူလိုင် တတိယအပတ်မှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြန်မာနိုင်ငံ နေရာ အနှံ့အပြားတွင် ရေကြီး၊ ရေလျှံခြင်းများ ဖြစ်ပေါ်ပြီး အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ခြင်းအတွက် ကုလသမဂ္ဂ အနေဖြင့် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာမှုဆိုင်ရာ ညှိနိုှုင်းရေးမုှူးအဖြစ် ခေတ္တတာဝန်ယူဆောင်ရွက်လျက်ရှိသည့် Mr Eamonn Murphy က သြဂုတ် ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။ ၎င်း၏ ထုတ်ပြန်ချက်တွင် ‘ ကုလသမဂ္ဂအဖွဲ့၏ကိုယ်စား၊ ကျွနု်ပ်အနေဖြင့် ရေကြီး၊ ရေလျှံမှုကြောင့် သေဆုံးခဲ့ရသူများ၏ မိသားစုများနှင့် ထိခိုက်ခဲ့ရသော လူထုတစ်ရပ်လုံးအတွက် ဝမ်းနည်းပူပန်မိပါ သည် ‘ ဟုလည်း ပါဝင်သည်။ ယင်းအပြင် ရေကြီးရေလျှံမှုများနှင့် စပ်လျဉ်းပြီး အစိုးရအာဏာပိုင်များနှင့် တပ်မတော်၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ ဒေသတွင်း အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ဦးစီး ဆောင်ရွက် လျက် ရှိသည့် ကယ်ဆယ်တုန့်ပြန်ရေးကြိုးပမ်းမှုများနှင့် စပ်လျဉ်း၍လည်း ချီးကျူး ပြောကြား လိုသည်ဟုလည်း ထုတ်ပြန်သည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း မြန်မာအစိုးရ အာဏာပိုင်များအား အကူအညီများပေးအပ်ရန် ကမ်းလှမ်းထားပြီးဖြစ်ကာ၊ လိုအပ်ချက်များကို သိရှိ နိုင်ရန်နှင့် လူသားချင်း စာနာမှုဆိုင်ရာ ကယ်ဆယ်တုန့်ပြန်ရေးအတွက် အကူအညီ အထောက်အပံ့များကို ပေးအပ်သွား နိုင်ရန်အတွက်လည်း ဒေသတွင်း၊ ပြည်နယ်၊တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအဆင့်များတွင် မြန်မာအစိုးရ အာဏာပိုင်များနှင့် အနီးကပ် လက်တွဲ ဆောင်ရွက်လျက်ရှိသည်။ ယင်းအပြင် ၎င်းတို့ အနေဖြင့် လုူသားချင်းစာနာမှုဆိုင်ရာအခြေအနေများကို အကဲဖြတ် တိုင်းတာသိရှိ နိုင်ရန်နှင့် ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး၊ နေထိုင်ရန်အမိုးအကာနှင့်နေရာ၊ အစားအစာ၊ အခြား ကယ်ဆယ်ရေး အထောက်အပံ့များစသည့် ဦးစားပေးဆောင်ရွက်ရမည့်ကဏ္ဍများကို သတ်မှတ်နိုင်ရန် အတွက် ထိခိုက်မှုအများဆုံး ဒေသများသို့ စစ်တမ်းကောက်ယူမည့်အဖွဲ့ များကို စေလွှတ်ခဲ့ပြီးဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။ ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရချိန်တွင် ရပ်ရွာလူထုများ၏ ဘေးအန္တရာယ် တုန့်ပြန် ခံနိုင်ရည်စွမ်း အားကောင်းစေရေးအတွက် လွန်ခဲ့သည့်နှစ်များအတွင်းတွင် ကုလသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် လက်တွဲ၍ အရေးပေါ်အခြေအနေ ကြိုတင်ပြင်ဆင်ရေး၊ တုန့်ပြန်ဆောင် ရွက်ရေးနှင့် ဘေးအန္တရာယ်လျှော့ချရေးအစီအစဉ်များကို မြှင့်တင်နိုင်ရန် အရေးပေါ် အစီအစဉ်များ ချမှတ်ဆောင်ရွက်ခဲ့သည်ဟုလည်း ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags