မင်္ဂလာတောင်ညွန့်ဖြစ်စဉ်တွင် ဦးဆောင်သူဟုယူဆ၍ ဝရမ်းထုတ်ခံရသူ ၅ ဦးထိဖမ်းမိထား

မင်္ဂလာတောင်ညွန့်ဖြစ်စဉ်တွင် ဦးဆောင်သူဟုယူဆ၍ ဝရမ်းထုတ်ခံရသူ ၅ ဦးထိဖမ်းမိထား
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန်၊ မေ ၂၂ ။         ။ မင်္ဂလာတောင်ညွန့် ရုန်းရင်းဆန်ခတ်မှုဖြစ်စဉ်တွင် ဦးဆောင်သူဟု ရဲတပ်ဖွဲ့ကယူဆ၍ ဖမ်းဝရမ်းအထုတ်ခံထားရသူ ၇ ဦးအနက် ၅ ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။

မေလ ၁၅ရက်ထိ ဦးတင်လင်းထိုက်၊ ဦးတင်ဌေးအောင်၊ ကိုလတ်နှင့် ဇနီးဖြစ်သူ မအောင်အောင်မြင့်တို့ ၄ ဦးကို ဖမ်းမိထားပြီး မေလ ၂၂ရက် နံနက်ပိုင်းတွင် မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်းသို့   မြတ်ဘုန်းမိုရ်ဆိုသူက ထပ်မံလာရောက်အဖမ်းခံခဲ့ခြင်းဖြစ်သည်။

“လာအဖမ်းခံတယ် (မြတ်ဘုန်းမိုရ်) ဆိုတာမှန်ပါတယ်။ သူ့ကိုခရိုင်က တခါတည်း တရားရုံးခေါ်သွားပြီ" ဟု မင်္ဂလာတောင်ညွှန့်ရဲစခန်းမှ ရဲအုပ် ရန်မျိုးအောင်က မဇ္ဈိမသို့အတည်ပြုသည်။

ယနေ့တွင် ဦးတင်လင်းထိုက်၊ ဦးတင်ဌေးအောင်၊ ကိုလတ်နှင့် ဇနီးဖြစ်သူ မအောင်အောင်မြင့်အပါအဝင် လာရောက်အဖမ်းခံခဲ့သည့် မြတ်ဘုန်းမိုရ်တို့ကို မင်္ဂလာတောင်ညွှန့်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး နောက်တစ်ပတ်ရုံးချိန်းကို ဇွန် ၂ ရက်သို့ ထပ်မှန်ချိန်းဆိုထားကြောင်းသိရသည်။

မေလ ၂၂ရက်အထိ မင်္ဂလာတောင်ညွန့်ဖြစ်စဉ်တွင် ဦးဆောင်သူဟု ရဲတပ်ဖွဲ့ကယူဆ၍ ဖမ်းဝရမ်းအထုတ်ခံထားရသူ ၇ ဦးအနက် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးသုစိတ္တနှင့် ဦးပညာဝံသ ဆရာတော် နှစ်ပါးသာကျန်ရှိနေသေးသည်။

၎င်းတို့ကို မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး ခင်မောင်ဦးက တရားလိုပြု၍ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ဂ)၊ ပုဒ်မ ၃၄ တို့ဖြင့် အမှုဖွင့် အရေးယူထားသည်။

ဖြစ်စဉ်မှာ မေလ ၉ ရက် ညက မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြယာကုန်းလမ်းအနီး တိုက်ခန်းတစ်ခုတွင် ခိုးဝင်ဘင်္ဂါလီများရှိနေသည်ဟုဆိုကာ အမျိုးသားရေးအင်အားစုများနှင့်အတူ သွားရောက်ရှာဖွေခဲ့ကြခြင်းဖြစ်သည်။

သွားရောက်ရှာဖွေခဲ့ပြီး ပြန်ဆင်းလာစဉ် ရပ်ကွက်သားတစ်ဦးအား ရိုက်နှက်မှု ဖြစ်ပွားခဲ့သဖြင့် ရပ်ကွက်ခံများနှင့် အမျိုးသားရေးအင်အားစုဆိုသူများ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များက အခြေအနေကို ဝင်ရောက်ထိန်းပေးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required