လက်ပစ်ဗုံးနှင့်အတူ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများ ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးရမိ

လက်ပစ်ဗုံးနှင့်အတူ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများ ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးရမိ
 ဖမ်းဆီးရမိသူလေးဦးကို လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် အတူတွေ့ရစဉ်။ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ မေလ ၂၂ ။              ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်၊ လွယ်ငင်းကျေးရွာနေ ဦးစိုင်းခမ်းဆိုသူ၏ နေအိမ်အတွင်းမှ သတင်းအရ တပ်မတော်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်ရှာဖွေခဲ့ရာ လက်ပစ်ဗုံးနှင့် အတူ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

တပ်မတော်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သတင်းအရ မေလ ၂၁ ရက်၊ မနက်ပိုင်းတွင် မိုင်းရယ်မြို့နယ်၊ လွယ်ငင်းကျေးရွာနေ ဦးစိုင်းခမ်းဆိုသူ၏ နေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ ဦးစိုင်းခမ်း၊ ၎င်း၏သားဖြစ်သူ စိုင်းညွန့်သာ၊ စိုင်းစံလူနှင့် စိုင်းဆာတို့လေးဦးအား လက်ပစ်ဗုံးအပါအဝင် လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် အတူဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနေအိမ်အတွင်းမှ လက်ပစ်ဗုံး တစ်လုံး၊ မိုင်းဖောက်ခွဲ ရာတွင်အသုံးပြုသည့် ဖြူးနှင့် ယမ်းကြိုးတပ်လျက် လေးချောင်း၊ ယမ်းစိမ်း ငါးကျပ်သား တစ်ထုပ်၊ ယမ်းပျော့ ငါးကျပ်သားတစ်ထုပ်၊   ဖောက်ခွဲရာတွင် အသုံးပြုသည့် ခဲသီးတစ်ဘူး၊ ရီမုမိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ဆားကစ်အိမ်သုံးခု၊ တူမီးသေနတ်အရှည် သုံးလက်၊ တူမီး သေနတ်အတို နှစ်လက်၊ အမ် ၂၂ ကျည် ခြောက်တောင့်၊ ဘိန်းဖြူမှုန့် ၃ ဒသမ ၆၇ ဂရမ်ခန့်၊ WY စာတန်းပါ ပန်း ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃၈၅ ပြားတို့အား အဆိုပါ လေးဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထိုသို့  ဖမ်းဆီးရမိခဲ့သည့် လက်ပစ်ဗုံး၊ မိုင်းဖောက်ခွဲရာတွင် အသုံးပြုသည့် ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဦးစိုင်းခမ်းဆိုသူအပါ လေးဦးအား မိုင်းရယ်မြို့နယ်ရဲစခန်းသို့ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required