ဘာစီလိုနာနည်းပြသစ်ကို မေလ ၂၉ ရက်နေ့တွင် ကြေညာမည်

ဘာစီလိုနာနည်းပြသစ်ကို မေလ ၂၉ ရက်နေ့တွင် ကြေညာမည်

ကက်တလန်၊ မေ ၂၂ ။            ။ ဘာစီလိုနာအသင်းသည် ၎င်းတို့၏ နည်းပြသစ်ကို မေလ ၂၉ ရက်နေ့တွင် ကြေညာသွားမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

ဘာစီလိုနာအသင်း၏ လက်ရှိနည်းပြဖြစ်သူ လူးဝစ္စအင်းနရစ်မှာ အလာဗက်စ်နှင့် ကစားမည့် ကိုပါဒယ်လ်ရေးဗိုလ်လုပွဲစဉ်အပြီးတွင် အသင်းနှင့် လမ်းခွဲမည်ဖြစ်သည်။ ဘာစီလိုနာအသင်းဥက္ကဌ ဘာတိုမြူက “မေလ ၂၉ ရက်နေ့မှာ နည်းပြသစ်ကို ကျွန်တော်တို့ ကြေညာသွားမှာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအတွက် အစွမ်းကုန်ကြိုးစားပေးခဲ့တဲ့ နည်းပြအင်းနရစ်ကို ကျွန်တော်   ကျေးဇူးတင်ပါတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့အသင်းအနေနဲ့ ကိုပါဒယ်လ်ရေးဗိုလ်လုပွဲ ကစားဖို့ ရှိနေပါသေးတယ်”ဟု ဆိုခဲ့သည်။

ဘာစီလိုနာအသင်းသည် ယခုနှစ်တွင် လာလီဂါ ချန်ပီယံဆုကို ရီးယဲလ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရပြီး ဒုတိယနေရာနှင့် ကျေနပ်ခဲ့ရသလို ချန်ပီယံလိဂ်တွင်လည်း ဆီမီးဖိုင်နယ်တွင် ဂျူဗင်တပ်စ်ကို နှစ်ကျော့ပေါင်း (၃-ဝ)ဂိုးဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှာ ထွက်ခွာခဲ့ရသည်။ ဘာတိုမြူက လာလီဂါချန်ပီယံဆုကို ရရှိခဲ့သည့် မဟာပြိုင်ဘက်ရီးယဲလ်ကို ဂုဏ်ပြုစကားပြောဆိုခဲ့ပြီး ယခုနှစ်လာလီဂါတွင် (၃၇)ဂိုးဖြင့် ဂိုးသွင်းဘုရင်ဖြစ်ခဲ့သည့် ၎င်းတို့၏ အဓိကကစားသမားမက်ဆီမှာ အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် (၁၀၀)ရာခိုင်နှုန်း သေချာကြောင်းလည်း ပြောဆိုခဲ့သည်။

“မက်ဆီရဲ့ စာချုပ်သစ်ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ သံသယရှိစရာမလိုပါဘူး။ မက်ဆီနဲ့ ဘာစီလိုနာတို့ရဲ့ လက်ထက်ပွဲဟာ ဆက်လက်ရှိနေဦးမှာပါ”ဟု ဘာတိုမြူက ပြောဆိုခဲ့သည်။

ရည်ညွှန်း - အေအက်စ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required