လာလီဂါတွင် မက်ဆီ၏ ဂိုးသွင်းစံချိန်တစ်ခုကို စီရော်နယ်ဒို လိုက်မီ

လာလီဂါတွင် မက်ဆီ၏ ဂိုးသွင်းစံချိန်တစ်ခုကို စီရော်နယ်ဒို လိုက်မီ

မက်ဒရစ်၊ မေ ၂၂ ။           ။ ရီးယဲလ်တိုက်စစ်မှူးစီရော်နယ်ဒိုသည် မာလာဂါနှင့် ပွဲတွင် အဖွင့်ဂိုးသွင်းပြီးနောက် ၎င်း၏ မဟာပြိုင်ဘက်မက်ဆီ၏ စံချိန်တစ်ခုကို လိုက်မီသွားခဲ့သည်။

အသက် ၃၂နှစ်အရွယ်ရှိ စီရော်နယ်ဒိုသည် မာလာဂါနှင့် ကစားခဲ့သည့် ယခုရာသီ လာလီဂါနောက်ဆုံးပွဲစဉ်တွင် ရီးယဲလ်အတွက် အဖွင့်ဂိုးကို ပွဲချိန်(၂)မိနစ်၌ သွင်းယူပေးခြင်း ဖြစ်သည်။ ယင်းဂိုးမှာ စီရော်နယ်ဒိုအတွက် ယခုနှစ် လာလီဂါသွင်းဂိုး (၂၅)ဂိုးမြောက်လည်း ဖြစ်ခဲ့သည်။ ထို့ကြောင့် စီရော်နယ်ဒိုသည် လာလီဂါသမိုင်းတွင် (၈)ရာသီဆက်တိုက် သွင်းဂိုး(၂၅)နှင့် အထက် သွင်းယူထားသော မက်ဆီ၏ စံချိန်ကို လိုက်မီခဲ့ခြင်း ဖြစ်သည်။

စီရော်နယ်ဒိုသည် ရီးယဲလ်သို့ ၂၀၀၉ ခုနှစ်က မန်ယူမှ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)ဖြင့် ရောက်ရှိလာသူ ဖြစ်သည်။ သူသည် ရီးယဲလ်အတွက် လာလီဂါ၌ ၂၀၀၉-၁၀ ရာသီတွင် (၂၆)ဂိုး၊ ၂၀၁၀-၁၁ ရာသီတွင် (၄၀)ဂိုး၊ ၂၀၁၁-၁၂ ရာသီတွင် (၄၆)ဂိုး၊ ၂၀၁၂-၁၃ ရာသီတွင် (၃၄)ဂိုး၊ ၂၀၁၃-၁၄ ရာသီတွင် ဂိုး(၃၁)၊ ၂၀၁၄-၁၅ ရာသီတွင် (၄၈)ဂိုး၊ ၂၀၁၅-၁၆ ရာသီတွင် (၃၅)ဂိုးနှင့် ၂၀၁၆-၁၇ ရာသီတွင် (၂၅)ဂိုး သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ စီရော်နယ်ဒိုသည် ရီးယဲလ်သို့ စရောက်ပြီးကတည်းက ယခုအချိန်အထိ ပြိုင်ပွဲပေါင်းစုံတွင် အသင်းအတွက် (၃၉၃)ပွဲတွင် (၄၀၄)ဂိုးသွင်းယူပေးထားပြီး အသင်းနှင့်အတူ လာလီဂါ(၂)ကြိမ်၊ ချန်ပီယံလိဂ်ဖလား(၂)ကြိမ်အပါအဝင် ဆုဖလားပေါင်း (၁၀)လုံးအထိ ရရှိထားသည်။

ရည်ညွှန်း -မာကာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required