ရေဘေးသင့်ပြည်သူများကူညီပေးရေး ဦးတေဇကိုယ်တိုင် ဦးဆောင်

ရေဘေးသင့်ပြည်သူများကူညီပေးရေး ဦးတေဇကိုယ်တိုင် ဦးဆောင်

ရေဘေးသင့် ပြည်သူများအတွက် ထူးဖောင်ဒေးရှင်း နာယက ဦးတေဇကိုယ်တိုင် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကို ဦးဆောင်မည် ဖြစ်ပြီး ရေဘေးသင့် ဒေသဖြစ်သော စစ်ကိုင်းတိုင်း၊ ကလေးမြို့သို့ ၎င်းကိုယ်တိုင် ရောက်ရှိနေပြီ ဖြစ်သည်ဟု ထူးဖောင်ဒေးရှင်းက သြဂုတ် ၁ ရက်တွင် သတင်းထုတ်ပြန်သည်။ ဦးတေဇကိုယ်တိုင် ဦးဆောင်သည့် အဖွဲ့သည့် ဇူလိုင် ၃၁ ရက်ကပင် ပုဂံသို့ ရောက်ရှိကာ ထိုမှတဆင့် ကလေးမြို့သို့ ရောက်ရှိနေပြီး ချင်းပြည်နယ် ဟားခါးသို့ ရဟတ်ယာဉ် စေလွတ်ပြီး ကူညီကယ် ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုးစားနေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။ အစားအစာများ၊ ဆေးဝါးများနှင့် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နိုင်ရန် ပစ္စည်းများပါသည့် ထူးဖောင်ဒေးရှင်း၏ ကားများသည် သြဂုတ် ၁ ရက် ညနေတွင် ပုဂံသို့ ထွက်ခွာ မည်ဖြစ်ပြီး ထိုမှတဆင့် ရေဘေးသင့် ဒေသများသို့ အဖွဲ့များခွဲ၍ နာယက ဦးတေဇ ကိုယ်တိုင် ဦးဆောင်ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်မည် ဖြစ်သည်။ ထိုကဲ့သို့ ရေဘေးသင့် ဒေသများသို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်ဟုလည်း ၎င်းတို့က ထုတ်ပြန်သည်။ ယင်းအပြင် ထူးဖောင်ဒေးရှင်းအနေဖြင့် ရေပြန်ကျပါက ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ် ပေးခြင်း၊ လိုအပ်သည်များ ပံ့ပိုးကူညီပေးခြင်း၊ ပြန်လည်ထူထောင်ရေးအတွက် မျိုးစေ့များပေးခြင်းနှင့် စိုက်ပျိုးရသောမြေများပေါ်တွင် ထွက်ယက်စိုက်ပျိုးနိုင်ရန် ကူညီပေးခြင်းများထိ ကူညီလုပ်ဆောင် ပေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required