ရေနံတင်သင်္ဘောတွေကြောင့် ငါးဖမ်းခွင့် ပိတ်ပင်ခံထားရသည့် ကျောက်ဖြူဒေသခံ ရေလုပ်သား ရာချီဆန္ဒပြ

ရေနံတင်သင်္ဘောတွေကြောင့် ငါးဖမ်းခွင့် ပိတ်ပင်ခံထားရသည့် ကျောက်ဖြူဒေသခံ ရေလုပ်သား ရာချီဆန္ဒပြ
ဓာတ်ပုံ - ကျောက်ဖြူ (၁) မဲန္ဒနယ် လွှတ်တော်အမတ် ဦးကျော်လွင်

ရန်ကုန်၊ မေ ၂၂ ။             ။ ရေနံတင် သင်္ဘောတွေ ဝင်ထွက်သွားလာသောကြောင့် ငါးဖမ်းခွင့် ပိတ်ပင်ခံထားရသည့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ဒေသခံရေလုပ်သား ရာဂဏန်းခန့်က ကျောက်ဖြူနှင့် မဒေးကျွန်းအကြား စက်လှေများခုတ်မောင်းကာ ဆန္ဒပြကြနေကြသည်ဟု အဆိုပါ ဆန္ဒပြသည့်နေရာကို ရောက်ရှိနေသည့် ကျောက်ဖြူ (၁) မဲန္ဒနယ် လွှတ်တော်အမတ် ဦးကျော်လွင်က မဇ္ဈိမသို့ပြောသည်။

“ရေနံတင်သင်္ဘောကြီးတွေသွားတဲ့လမ်းဆိုပြီး ရေပိုင်နက်တွေသတ်မှတ်ထားတယ်။ မြစ်ကြောင်းရဲ့အလယ်ဗဟိုတည့်တည့်မှာ အဲ့ဒီရေပိုင်နက်ရှိတယ်။ စက်လှေသမားတွေကလည်း အဲ့ဒီ့လမ်းကြောင်းမှာပဲ သူ့ပိုက်ကိုမျှောရတာကိုး ဆိုတဲ့အခါကျတော့ သင်္ဘောလမ်းကြောင်းနဲ့ လှေသမားတွေလုပ်ကိုင် စားသောက်တဲ့နေရာက အတူတူဖြစ်နေတယ်။ သူတို့အဓိကလိုချင်တာကတော့ သူတို့ဆုံးရှုံးနေတဲ့အခွင့်အရေးကို ရချင်တယ်။ သူတို့ကိုတစ်ခုခုတော့ နစ်နာကြေး တစ်ခုခုတော့ပေးစေချင်တယ်ဆိုတဲ့ သဘောမျိုးလို့ ကျွန်တော်ထင်ပါတယ်ဗျ" ဟု ၎င်းကပြောသည်။

ပြည်ပမှဝယ်ယူထားသည့် ရေနံများကို တရုတ်နိုင်ငံအနေဖြင့် ပင်လယ်ခရီးမှမပို့တော့ဘဲ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်း ရေနက်ဆိပ်ကမ်းမှ ယူနန် ပြည်နယ်ထဲထိ သွယ်တန်းထားသည့် ပိုက်လိုင်းကတဆင့် ပေးပို့နေသောကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် မဒေးကျွန်းအကြား ရေနံတင်သင်္ဘောတွေ ဝင်ထွက်သွားလာနေကြခြင်းလည်းဖြစ်သည်။

“ရေလုပ်သားတွေက ရေနံတင်သင်္ဘောကြီးတွေလာတဲ့အခါ သူတို့လုပ်ငန်းတွေအနှောက်အရှက်ဖြစ်တယ်။ လုပ်ကိုင်စားသောက်လို့မရဘူး။ နစ်နာတယ် ဆိုပြီး အဓိကပြတာကတော့ အဲ့ဒီ့အချက်တွေပါပဲ” ဟု ကျောက်ဖြူ (၁) မဲန္ဒနယ် လွှတ်တော်အမတ် ဦးကျော်လွင်က ဆိုသည်။

မေ ၂၂ရက် နံနက် ၁၂ နာရီခွဲခန့်တွင် ဆန္ဒပြဒေသခံရေလုပ်သားများသည် ကျောက်ဖြူ ဈေးအောက်မှ စက်လှေ ၆၀ စီးခန့်ဖြင့် စတင်ထွက်ခွာလာပြီး လတ်တလောတွင် လူအင်အား ၄၀၀ ခန့်ရှိနေကြောင်းသိရသည်။

လူအင်အားမည်မျှရှိသည်ဆိုသည့် မေးခွန်းကို ဦးကျော်လွင်က “ဘယ်လောက်ပါမလဲဆိုတော့ ထောင်နဲ့ချီပြီးတော့ ရှိလိမ့်မယ်" ဟုခန့်မှန်းသည်။

“ရေနံတင်သင်္ဘော လမ်းကြောင်းကြောင့် ငါတို့ဘ၀ မပျက်စေနဲ့ “consider our feature !"  “ငါတို့ရဲ့အနာဂတ်ကိုထည့် စဉ်းစားပေးပါ" ဟူသော အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ဆိုင်းဘုတ်များကိုင်ဆောင်ထားသည်ဟု ဆန္ဒပြသည့်နေရာကို ရောက်ရှိနေသည့် ကျောက်ဖြူ (၁) မဲန္ဒနယ်လွှတ်တော်အမတ် ဦးကျော်လွင်ပြောပြချက်အရ သိရသည်။

“ကျောက်ဖြူမြို့ဈေးအောက်ကထွက်မှာ မဒေးကျွန်း ရဲ့ရေနံတင်သင်္ဘောဆိပ်ထိသွားလိမ့်မယ်ထင်တယ် သွားပြီး ကျွန်းပေါ်တတ်မယ်။ တက်ပြီး ကျွန်းထဲမှာ ရွာ၃ ရွာရှိတယ် အဲ့အထိသွားကြမယ်လို့ ကျွန်တော့်ကိုပြောကြတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

တရုတ်ပြည်၏ နှစ်စဉ် လိုအပ်သည့် ရေနံစိမ်း ၄ ရာခိုင်နှုန်းကိုအဆိုပါ ရေနံပိုက်လိုင်းကနေ ရရှိမှာဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ပိုက်လိုင်း ဖြတ်သန်းခ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၃.၈ သန်း ရရှိမှာဖြစ်သည်ဟု ဘီဘီစီမြန်မာပိုင်းရေးသားထားချက်အရသိရသည်။

ရေနံပိုက်လိုင်း စီမံကိန်းကို တရုတ် အစိုးရပိုင် ကုမ္ပဏီဖြစ်သည့် CNPC နှင့် မြန်မာ အစိုရကြား ပူးတွဲလုပ်ကိုင်ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required