ကျောက်စိမ်း၊ ဘိန်းဖြူ၊ ဆေးပြားများအပါအဝင် လေးလအတွင်း ကျပ်သိန်းပေါင်း လေးသောင်းကျော် ရေပူစခန်းတွင်ဖမ်းမိ

ကျောက်စိမ်း၊ ဘိန်းဖြူ၊ ဆေးပြားများအပါအဝင် လေးလအတွင်း ကျပ်သိန်းပေါင်း လေးသောင်းကျော် ရေပူစခန်းတွင်ဖမ်းမိ
ဓာတ်ပုံ - ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

ရန်ကုန်၊ မေလ ၂၂ ။                  ။ တရားမဝင်သယ်ယူလာသည့် ကျောက်စိမ်း၊ ဘိန်းဖြူ၊ ဆေးပြားများ အပါအဝင် သစ်၊ ကျွဲ၊ နွားစသည့်တို့ကို ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ လေးလအတွင်း ကျပ်သိန်းပေါင်း လေးသောင်းကျော်ထိ ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါရေပူစခန်းမှ မေလ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ခန့်မှန်းတန်ဖိုး ကျပ်သိန်းပေါင်း လေးသောင်းကျော် ( ၄,၃၄၇,၃၆၁,၅၂၅ )မှာ ဇန်နဝါရီလ၊ ၁၆ ရက်မှ ဧပြီလ ၃ဝ ရက်အတွင်း ဖမ်းဆီးရမိသည့် ပမာဏသာဖြစ်ကြောင်းသိရသည်။

“ဒီဟာတွေအကုန်လုံးကတော့ ခန့်မှန်းတန်ဖိုးတွေပါပဲ။ အဲ့ဒီမှာမှ သစ်တောကလည်း သူ့ဘာသာ လေလံ ပြန်ပစ်ရင် ဘယ်လောက်ရမလဲ ကိုယ်တို့ မသိသေးဘူး။ ကျောက်မျက်ကလည်း လေလံပြန်ပစ်ရင် ဘယ်လောက်ရမလဲ ကိုယ်တို့မသိသေးဘူး။ အကောက်ခွန်လည်း ဒီအတိုင်းပဲ။ ဒါတွေက ကိုယ်တို့ရေပူမှာ ဖမ်းဆီးရမိတဲ့ ခန့်မှန်းတန်ဖိုးတွေပါ”ဟု အကောက်ခွန်ဦးစီးဌာနရုံးချုပ် ဒုတိယ ညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က မဇ္ဈိမသို့ ပြောသည်။

ဖမ်းဆီးရမိခဲ့သည့် တရားမဝင်သယ်ဆောင်လာသော ပစ္စည်းများတန်ဖိုးမှာ ကျောက်စိမ်း ကျပ်သိန်း ၈,၇ဝဝ ကျော်၊ သစ် ကျပ်သိန်းပေါင်း ၃,၄ဝဝ ကျော်၊ တရားမဝင်သယ်ဆောင်လာသည့်ကား ကျပ်သိန်းပေါင်း ၁၇,ဝဝဝ ကျော်၊ နွား ကျပ်သိန်းပေါင်း ၁,၁ဝဝ ကျော်၊ ကျွဲ ကျပ်သိန်းပေါင်း ၁၂ဝ ကျော် ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ဘိန်းဖြူ ကျပ်သိန်းပေါင်း ၁၆ဝ ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ကျပ် သိန်းပေါင်း ၅ဝ ကျော်၊ စားသုံး ရန်မသင့်သော ပစ္စည်းများဖျက်ဆီးသည့် တန်ဖိုး ကျပ်သိန်းပေါင်း ၁,၅ဝဝ ကျော်နှင့် လေလံတင်သည့်ပစ္စည်း များတန်ဖိုး ကျပ်သိန်းပေါင်း ၁,၁ဝဝဝ ကျော်ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ နေ့စဉ်ကုန်တင်ကားပေါင်း ၅ဝဝဝ မှ ၆ဝဝဝထိ ဖြတ်သန်းသွား လာနေပြီး ဖြတ်သန်းနေသောကားများမှ တရားမဝင်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ၊ မှောင်ခို ကျောက်စိမ်းများနှင့် သစ်များ၊ အရည်အသွေးမမှီသည့် စားသောက်ကုန်များ၊ အခွန်မဲ့စားသောက်ကုန်စည်များ နှင့် အသုံးအဆောင်ပစ္စည်းများကို ဇန်နဝါလ ၁၆ ရက်မှ စတင်ကာ ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းမှ ပူးပေါင်း စစ်ဆေးရေးအဖွဲ့ ၁၂ ဖွဲ့ဖြင့် စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required