အမေရိကန်တို့သည် ဗင်နီဇွဲလား၏ နိုင်ငံရေးကိုကြိုးကိုင် ခြယ်လှယ်ချင်ကြသည်ဟု မာဒူယိုပြောကြား

အမေရိကန်တို့သည် ဗင်နီဇွဲလား၏ နိုင်ငံရေးကိုကြိုးကိုင် ခြယ်လှယ်ချင်ကြသည်ဟု မာဒူယိုပြောကြား

 ကာရာကတ်စ် မေ ၂၂ ။               ။ ဗင်နီဇွဲလားသမ္မတ နစ်ကိုးလပ်စ်မာဒူယိုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် နိုင်ငံရေးအရ ကြိုးကိုင် ခြယ်လှယ်ချင်သောကြောင့် ဗင်နီဇွဲလားနိုင်ငံအတွင်း၌ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများနှင့် အကြမ်းဖက် သမားများ၏ လုပ်ရပ်များတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ပက်သက်နေကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

အပတ်စဉ်ပြုလုပ်နေကျဖြစ်သော သူ၏ရေဒီယို ရုပ်သံအစီအစဉ်တွင် မာဒူယိုက သူ၏နိုင်ငံသည် အကြမ်းဖက် အင်အားများ၏ တိုက်ခိုက်မှု၊ ချုပ်ခြယ်လိုမှုများနှင့် ဖျက်လိုဖျက်ဆီးလုပ်လိုမှုများကို ရင်ဆိုင်နေရကာ ထိုဝရုန်း သုန်းကားနိုင်လှသော ကိစ္စများ၏ နောက်ကွယ်မှ အဓိကလက်သည်မှာ နယ်ချဲ့ကြီး ဒေါ်နယ်ထရမ့်ဖြစ်သည်ဟု ပြောခဲ့သည်။

“ထရမ့်ဟာ လျှို့ဝှက်ပူးပေါင်း ကြံစည်မှုတွေမှာ နောက်ကွယ်မှ လက်မည်းကြီးအနေဖြင့် ပါဝင်ပက်သက်နေပြီး ယခုလိုထိုးနှက်တိုက်ခိုက်မှုများသည် ဗင်နီဇွဲလားနိုင်ငံ၏ နိုင်ငံရေးကို ကြိုးကိုင်ခြယ်လှယ်၍   ပြန်လည်ကိုလိုနီပြု ချင်သည့် ရည်ရွယ်ချက်ကြောင့် ဖြစ်ပါတယ်” ဟု မာဒူယိုက အခိုင်အမာပြောကြားခဲ့သည်။

ထို့နောက်တွင် မာဒူယိုသည် အတိုက်အခံများ၏ ဖက်စစ်ဝါဒီဆန်သည့် ရန်လိုမှုများကို စွပ်စွဲရှုံ့ချခဲ့ပြီး ရှေ့နေချုပ် ရုံး၊ အစိုးရဌာနများအပေါ် မကျေနပ်မှုများကို စုံစမ်းတင်ပြသည့်ရုံးနှင့်၊ တရားသူကြီးအဖွဲ့ ရုံးများသည် ပူးပေါင်း၍ အကြမ်းဖက်မှုများကို ပြစ်တင်ဝေဖန်သင့်ကာ အစိုးရအားဆန့်ကျင်၍ ဆန္ဒပြသူများသည် အမြဲတစေ လိုက်လံ နှောင့်ယှက်နေသူများ ဖြစ်ကြောင်း ပြောခဲ့သည်။

ဒါ့အပြင် မာဒူယိုက သူ၏ထောက်ခံသူများအား လာမည့်အင်္ဂါနေ့တွင် ငြိမ်းချမ်းရေးအတွက် ချီတက်ပွဲပြုလုပ်၍ ပါဝင်ကြရန် တောင်းဆိုခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံတွင် မာဒူယိုအစိုးရအား ဆန့်ကျင်သည့် ဆန္ဒပြမှုများသည် နိုင်ငံတစ်ဝှမ်းဖြစ်ပွားနေသည်မှာ ၂လနီးပါးခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ထိုအတောအတွင်း၌ ၄၇ဦး သေဆုံးခဲ့ကာ လူပေါင်းရာနှင့်ချီ၍ ဒဏ်ရာရရှိခဲ့ပြီး အဖမ်းခံခဲ့ရသည်။

ပြီးခဲ့သော စနေနေ့ကလည်း ကာရာကတ်စ် မြေအောက်ရထားဘူတာရုံအနီးတွင် ဆန္ဒပြမှုများကြောင့် အနည်းဆုံး လူပေါင်း ၁၂၀ခန့် ဒဏ်ရာရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required