အီရတ်ရှိ ဘဂ္ဂဒတ်နှင့်ဘက်စ်ရာ မြို့များ၌ အသေခံဗုံးခွဲတိုက်ခိုက်မှုများကြောင့် ၃၁ဦးသေဆုံးပြီး ၅၀ခန့်ဒဏ်ရာရ

အီရတ်ရှိ ဘဂ္ဂဒတ်နှင့်ဘက်စ်ရာ မြို့များ၌ အသေခံဗုံးခွဲတိုက်ခိုက်မှုများကြောင့် ၃၁ဦးသေဆုံးပြီး ၅၀ခန့်ဒဏ်ရာရ

ဘဂ္ဂဒတ် မေ ၂၁ ။          ။ အီရတ်နိုင်ငံ၏ မြို့တော်ဘဂ္ဂဒတ်နှင့် တောင်ပိုင်းမြို့ ဘတ်စ်ရာတို့၌ အသေခံဗုံးဖောက်ခွဲ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး ၃၁ဦးခန့် သေဆုံးခဲ့ပြီး ၅၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းများအရ ပြီးခဲ့သော သောကြာနေ့ညတွင် ဘဂ္ဂဒတ်မြို့၌ အသေခံတိုက်ခိုက်သူ တစ်ဦးက တောင်ဖက်အရပ် အက်ဘူဒက်ရှ်ရှာ ရှိ စစ်ဆေးရေးဂိတ်ထဲသို့   ဖောက်ခွဲရေးပစ္စည်းများပါသော ကားတစ်စီးကို မောင်းနှင်ဝင်ရောက်ခဲ့ပြီး အခြားတစ်ဦးက ရဲစခန်းအနီး၌ မိမိကိုယ်ကိုမိမိ ဖောက်ခွဲပစ်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ၂ ကြိမ်တိုင်တိုင် တိုက်ခိုက်မှုကြောင့် လူ ၁၈ ယောက် သေဆုံးခဲ့ပြီး ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကာ အဆိုပါ နေရာတစ်ဝိုက်ရှိ ယာဉ်များနှင့် အဆောက်အဦးများ ပျက်စီးခဲ့ရသည်။

အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ အိုင်အက်စ်တို့က ထိုတိုက်ခိုက်မှုများသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာနက တောင်ပိုင်းဒေသရှိ ဘတ်စ်ရာမြို့တွင်လည်း သီးခြားတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ပြောခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုမှာ ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသော ကားတစ်စီးသည် ရေနံတွင်းအနီးရှိ စစ်ဆေးရေးဂိတ်ကို စောင့်ကြပ်နေသော အီရတ်လုံခြုံရေး တပ်ဖွဲ့ထံသို့ ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တစ်ချိန်တည်းမှာပဲ အနီးအနားတစ်ဝိုက်တွင် ကားဗုံးတစ်လုံးပေါက်ကွဲခဲ့သည်။

ထိုပေါက်ကွဲမှုများနှင့် တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၃ ဦးသေဆုံးခဲ့ပြီး ၃၀ ခန့်ဒဏ်ရာ ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly