ရေသူမလို နေထိုင်ချင်သူ ဘရာဇီးနိုင်ငံသား

ရေသူမလို နေထိုင်ချင်သူ ဘရာဇီးနိုင်ငံသား

မေ ၂၀ ။              ။ ဒေးဗီ မော်ရီရာ ဆိုသူ ဘရာဇီးလူငယ်တစ်ဦးဟာ တစ်ခြားလူငယ်တော်တော်များများလိုပဲ ရီယိုဒီဂျနေးရိုးက ပင်လယ်ကမ်းခြေတွေကို သွားရတာကို နှစ်ခြိုက်သူတစ်ဦး ဖြစ်ပါတယ်။ အပတ်စဉ်တိုင်းလိုလို Ipanema အရပ်က ကမ်းခြေမှာ ရေသွားကစားတတ်သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်း သူ့ကို အပြာရောင် ရေသူမ အမြီးတစ်ခု တပ်ပြီး ရေကူးနေတာကို   တွေ့လာရတော့ မြင်ရသူအပေါင်းအတွက်တော့ အထူးအဆန်းတစ်ခုလို စဖြစ်လာခဲ့ရပါတယ်။

ဘယ်သူတွေ ဘယ်လိုပဲမြင်မြင် အသက် ၂၂ နှစ်ရွယ် မော်ရီမာကတော့ အပတ်စဉ်အတိုင်း သူနှစ်သက်တဲ့ ရေသူမ အမြီးနဲ့ သွားသွားကူးနေပါတော့တယ်။

ခုချိန်ထိတော့ သူ့ရဲ့ စွဲလမ်းစိတ်၊ ခံယူချက်အပေါ် မျှဝေခံစားမယ့်အားပေးမယ့်သူ မရှိသေးပါဘူး။

" ဒါတကယ်တော့ လူနေမှုပုံစံတစ်ခုပဲလေ၊ ပင်လယ်ကြီးအပေါ်မှာ ထားတဲ့ ကျွန်တော့်ရဲ့ အချစ်တွေ၊ တန်ဖိုးထားမှုတွေကို ဒီနည်းနဲ့ ဖော်ပြတာပါ၊ ကျွန်တော်ရေထဲမှာ ရှိနေချိန်ဆိုရင် ကျွန်တော့်ကိုယ်ကျွန်တော် တစ်ခြားတစ်ယောက်ယောက်လိုပဲ ခံစားရပါတယ်" လို့ မော်ရီယာက ပြောပါတယ်။

တကယ်တော့ မော်ရီယာ ဟာ ကလေးဘဝကတည်းက Disney ရဲ့ နာမည်ကျော် ရုပ်ရှင် "The Little Mermaid" ကို အရမ်းကြိုက်ခဲ့သူဖြစ်ပါတယ်။ အဲဒီကားထဲက အဓိကဇာတ်ကောင် ရေသူမ Ariel ဖြစ်ချင်သူလို့ ဆိုပါတယ်။

ဒါပေမယ့် သူ့ရဲ့ ထူးဆန်းတဲ့ စွဲလမ်းစိတ်ကိုတော့ လက်ခံပေးသူ မရှိဘူးလို့လည်း ပြောပါတယ်။ တစ်ချို့က ဒီကိစ္စအတွက်နဲ့ သူ့ကို စော်ကားပြောဆိုတာမျိုး လုပ်ခဲ့သလို တစ်ချို့ကလည်း သူ့ကို စိတ်ရောဂါအထူးကုနဲ့ ဆွေးနွေးဖို့ အကြံပေးတဲ့အထိတောင် ရှိခဲ့တယ်လို့ မော်ရီယာက ဆိုပါတယ်။

မော်ရီယာကတော့ သူခုလို ရေသူမ စိတ်စွဲလမ်းခြင်းက ရက်စက်ကြမ်းကြုတ်တဲ့ ကမ္ဘာကြီးအတွက် အဖြေတစ်ခုပဲလို့ ပြောပါတယ်။

" လူတွေက ကျွန်တော့်ကို လှောင်ကြတယ်၊ ဘာလို့လဲ ကျွန်တော်က တစ်ခြားသူတွေနဲ့ မတူလို့တဲ့၊ သူတို့ကို ကျွန်တော်က ပြန်တောင်ရီလိုက်ချင်ပါသေးတယ်၊ ဘာပဲဖြစ်ဖြစ် ခုလို နေရတာ ကျွန်တေ်ာပျော်ပါတယ်၊ ကျွန်တော့်ကြောင့် ဘယ်သူကမှ ထိခိုက်နစ်နာနေတာမှမဟုတ်တာ" လို့ ၎င်းက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required